
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေအများအပြား လွှတ်လိုက်တာကြောင့် ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားက မူးမြစ်မှာ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် အနောက်မြောက်ခြမ်းက ကျေးရွာတွေထဲကို ရေဝင်ရောက်လာပြီး မိုးစပါးစိုက်ပျိုးဖို့ လယ်ယာမြေ ထွန်ယက်ပြင်ဆင်နေတာတွေ ရပ်ဆိုင်းထားရကာ ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။
ကျားရွာ၊ ခွန်တောင်ကြီး၊ ပရံ၊ ကံသာကုန်း၊ ညောင်ပင်သာ၊ မြင်းစီး၊ ဆင်အင်း၊ မအူပင်၊ ကူးတို့ဆိပ်၊ သောင်ထွဋ်ကိုင်း၊ ညောင်ကိုင်း၊ ရုံးတော၊ တည်သီးတော၊ ကြောင်ရှာတော၊ ရေကြည်ဝ၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ ရေတော်မူနဲ့ ဝမ်းစည် စတဲ့ ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်နေတာပါ။
ဒေသခံတယောက်က “ရေက မူးမြစ်က လျှံတက်တာပါ။ အဝတ်အစားနဲ့ အရေးကြီးပစ္စည်းတွေလောက်ပဲ သယ်နိုင်ပါတယ်။ ရက်ကန်းစင်တွေနဲ့ ပဲအိတ်၊ ဆန်အိတ်၊ စပါးတွေ မသယ်နိုင်တော့ဘူး။ လယ်စိုက်ဖို့ဆိုတာ အဝေးကြီးပေါ့။ ပျိုးခင်းတွေလည်း ရေနစ်၊ လယ်တွေလည်း ရေဖုံး၊ ထွန်စက်တွေလည်း ရေထဲမှာပဲ။ ရေကျသွားရင်တောင် ပျိုးပြန်ထောင်ဖို့ မလွယ်တော့ဘူး။ ပျိုးသက်စောင့်ရတာနဲ့ စိုက်ရက်က နောက်ကျတော့ လယ်စိုက်ဖို့ မီပါ့မလား မသိဘူး။ အခုဟာက လယ်စိုက်ဖို့ထက် လူဘေးလွတ်ဖို့က အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်က စိုက်ခင်းတွေကို အဓိကရေပေးဝေနေတဲ့ မြောင်းမတော် မူးကြီးတူးမြောင်း ဘောင်ကျိုးသွားတဲ့အတွက် ရွှေဘိုအနောက်တောင်ခြမ်းက လယ်ယာတွေစပါးစိုက်ပျိုးဖို့ ရေအခက်အခဲ ကြုံနေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ရွှေဘိုမြို့နယ်၊ စဉ့်တုံရွာအနီးမှာ ရေပေးဝေရေးတူးမြောင်း မြောင်းမတော် မြောင်းဘောင် ကျိုးပျက်သွားတာ ဖြစ်ပါတယ်။
အဲဒီလို ကျိုးပျက်မှုကြောင့် လက်တံအမှတ် ၅၊ ၆၊ ၇၊ ၈ မြောင်းအပြင် လှတောတူးမြောင်းနဲ့ မုဆိုးခြုံတူးမြောင်းဆီကို ရေမလာတော့ဘဲ ရွှေဘိုအနောက်တောင်ခြမ်းက လယ်ဧကများစွာ စပါးစိုက်ပျိုးဖို့ ရေခက်ခဲနေတာ ဖြစ်ပါတယ်။
ဒေသခံတောင်သူတယောက်က “ပျိုးက ထောင်ပြီးပြီ၊ စိုက်ဖို့ ထွန်ယက်ချိန်မှာ ရေပြတ်သွားတယ်။ အခု မိုးရေလေနဲ့ အတင်းစိုက်နေတာ၊ တချို့တဝက်တော့ စိုက်ပြီးပါပြီ။ ရေလာဖို့က ကြာဦးမှာပါ။ မိုးဆက်မရွာတော့ရင်တော့ စက်ရေတွင်းကနေ ရေတင်စိုက်ရမှာပါ” လို့ ဆိုပါတယ်။
အဲဒီတူးမြောင်းဟာ ရွှေဘို၊ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်က လယ်တွေအတွက် ရေပေးဝေနေတဲ့ တူးမြောင်းဖြစ်ပြီး ရွှေဘိုမြို့နယ်အနေနဲ့ နှစ်စဉ် မိုးစပါးဧက ၂ သိန်းကျော် စိုက်ပျိုးရှိပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကနေ ရေမလွှတ်ပေးတာကြောင့် ရွှေဘိုမြို့နယ်မှာ နွေစပါးကို အပြည့်အဝမစိုက်ပျိုးနိုင်ဘဲ ပဲ၊ နှမ်းနဲ့ တခြားသီးနှံတွေကို အစားထိုး စိုက်ပျိုးခဲ့ရတယ်လို့ သိရပါတယ်။










