
ထိုင်းနိုင်ငံမှာ အခု ဇွန်လ မီတာခကစပြီး ပထမဆုံး ယူနစ် ၂၀၀ အတွက် မီတာခ တယူနစ်ကို ၃ ဘတ်ထက်မပိုတဲ့နှုန်းထားအထိ လျှော့ချကောက်ခံသွားမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တယ်လို့ The Nation Thailand သတင်းမှာ ဇွန် ၈ ရက်က ဖော်ပြပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်တွေကို သက်သာစေမဲ့ အစီအစဉ်တခုအနေနဲ့ စတင်လိုက်တာဖြစ်ကာ ဒီအစီအစဉ်ကြောင့် တနိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်း သန်း ၂၀ ကျော် အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရတ်ချ်ဒါးထနာဒိရက်ခ်ရဲ့ အဆိုအရ ဒီအစီအစဉ်ဟာ ဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ အနုထင်း ချန်းဝီရကွန်း ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြည်သူ့စားဝတ်နေရေး ကူညီလျှော့ချပေးမှု ကမ်ပိန်းတခုဖြစ်ပြီး တနိုင်ငံလုံးက အိမ်သုံးလျှပ်စစ်မီး သုံးစွဲသူ ၉၀ ရာခိုင်နှုန်းလောက် အကျိုးခံစားရမှာလို့ ဆိုပါတယ်။
အစိုးရအနေနဲ့ လျှပ်စစ်မီတာခကို သာမန်အိမ်ထောင်စုအသုံးစရိတ်တင်မကဘဲ အခြေခံလူတန်းစား စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုင်ငယ်လေးတွေရဲ့ အဓိက ကုန်ကျစရိတ်တခုအဖြစ် ရှုမြင်တာကြောင့် အခုလို မီတာခ လျှော့ချပေးခြင်းက ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ လုပ်ငန်းငယ်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ အများကြီး အထောက်အကူပြုနိုင်မှာလို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရဟာ မီတာခလျှော့ချပေးရုံတင်မကဘဲ အခြေခံလူတန်းစားတွေ သုံးစွဲမှု အားကောင်းလာစေဖို့ "Thais Help Thais Plus" စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းကိုပါ ပူးတွဲအကောင်အထည်ဖော်နေသလို ဒီစီမံကိန်း စတင်တဲ့ ပထမဆုံး တပတ်အတွင်းမှာတင် သုံးစွဲမှုပမာဏဟာ ထိုင်းဘတ် ၁၆ ဘီလီယံကျော်အထိ ရှိခဲ့ပြီး ပြည်သူ ၃ သိန်းကျော်ကတော့ သူတို့ရရှိထားတဲ့ ဘတ် ၁,၀၀၀ စီမံကိန်း အခွင့်အရေးကို အပြည့်အဝ သုံးစွဲခဲ့ကြပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရတ်ချ်ဒါးက အဆိုပါစီမံကိန်းဟာ စီးပွားရေးပြဿနာ အားလုံးအတွက် အဖြေတခုလုံး မဟုတ်ပေမဲ့ ကုန်ကျစရိတ်တွေ မြင့်မားနေတဲ့ အချိန်မျိုးမှာ သာမန်ပြည်သူတွေ ရှေ့ဆက်နိုင်ဖို့ အရေးပါတဲ့ ယန္တရားတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ရေတိုကူညီမှုတွေအပြင် ထိုင်းအစိုးရအနေနဲ့ ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေဆီကနေ လျှပ်စစ်ဝယ်ယူတဲ့ ကိစ္စရပ်တွေနဲ့ လျှပ်စစ်ခနှုန်းထား ဖွဲ့စည်းပုံတွေကိုပါ ရေရှည်အတွက် ပြန်လည် စိစစ်ပြင်ဆင်ဖို့ ဒုတိယဝန်ကြီးချုပ် ပါခွန်နီလ်ပရာပန့် ဦးဆောင်တဲ့ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ရေရှည်မှာ ထိရောက်ပြီး တာဝန်ယူမှုရှိရှိ အသုံးချနိုင်စေရေး အတွက် အဆိုပါ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို တင်းကျပ်တဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းစနစ်အောက်ကနေသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Source: The Nation Thailand











