DVB Logo
Home
မြန်မာသတင်း
မဏိပူရ်နယ်စပ်က မြန်မာစစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံ
မောရစ်
·
October 29, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

 

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အစိုးရက ပြန်လွှတ်လိုက်တဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ အိန္ဒိယ-မြန်မာ နယ်စပ် တကြောမှာ သောင်တင်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မရရှိဘဲ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအနောက်ဘက် တမူးဒေသနဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအတွင်းက မဏိပူရ်ပြည်နယ်၊ မီဇိုရမ်ပြည်နယ်နဲ့ နာဂလန်းဘက်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အခုလို ထွက်ပြေးလာသူတွေကို မီဇိုရမ်ပြည်နယ်အစိုးရနဲ့ နာဂလန်းဘက်က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေမဲ့ မဏိပူရ်ပြည်နယ်အစိုးရကတော့ တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် သတ်မှတ်ကိုင်တွယ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်း လူမျိုးရေး၊ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ မြန်မာစစ်ရှောင်တွေကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

သူတို့ဟာ ၂၀၂၃ ခုနှစ်က တမူးဒေသ စိုးသာယာရွာနဲ့ အောင်ဇေယျရွာက ဒေသခံတွေဖြစ်ပြီး စစ်တပ်က ရွာကို ၂ ကြိမ်တိတိ ဝင်ရောက်ဖျက်ဆီးခဲ့လို့ မဏိပူရ်ပြည်နယ်ဘက်ကို တိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

လက်ရှိမှာ အိန္ဒိယ-မြန်မာနယ်စပ်နားမှာ အိမ်ခြေ ၃၀ လောက်နဲ့ စုပေါင်းနေထိုင်နေကြပြီး မြန်မာပြည်ထဲ ပြန်သွားသူတွေရှိသလို၊ နယ်စပ်မျဉ်းပေါ်မှာပဲ အဆင်ပြေသလို နေထိုင်နေကြသူတွေလည်း ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

မဏိပူရ်ပြည်နယ် နယ်စပ်ရောက် စစ်ရှောင်တယောက်က "အခု ကျမတို့ နေနေတာက နယ်စပ်နားက ဒုတိယမြောက်နေရာပါ။ ပထမနေရာကတော့ ပြီးခဲ့တဲ့ ၇ လပိုင်းမှာ လူမျိုးရေး ပဋိပက္ခတွေကြောင့် မီးရှို့ခံလိုက်ရပြီ။ အဓိကကတော့ အလုပ်ပေါ့နော်၊ အခုက အလုပ်လိုချင်ရင် မဏိပူရ်ထဲ ပြန်သွားလုပ်ရတယ်။ ညီမတို့ အခုနေတဲ့နေရာမှာ ငါးစာဖားရှာရုံလောက်ပဲ ရတာ၊ ဘာအလုပ်မှ မရှိဘူး။ မဏိပူရ်ထဲမှာက လောလောဆယ်တော့ ဝင်သွားရင် အစစ်ဆေး အမေးမြန်းတော့ မရှိပါဘူး။ ဒါပေမဲ့ အလုပ်က သွားတိုင်းလည်း ရတာမဟုတ်ဘူး”လို့ ပြောပါတယ်။

အဲဒီ စစ်ရှောင်တွေဟာ စစ်ဘေးဒုက္ခသည်အဖြစ် သတ်မှတ်မခံရသလို၊ တခြားအဖွဲ့အစည်းတွေဆီကလည်း အကူအညီနဲ့ ထောက်ပံ့မှုတွေ မရရှိကြဘူးလို့ DVB ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅,၄၅၇ ယောက်ရှိပြီး၊ အဲဒီထဲက ၅,၁၀၀ ကျော်ကို ဇီဝအချက်အလက်တွေ ကောက်ယူကာ ၂၀၂၅ ခုနှစ်မှာ မဏိပူရ်ပြည်နယ်ထဲက စစ်ရှောင်အားလုံးနီးပါးကို နေရပ်ပြန်ပို့မယ်လို့ မဏိပူရ် ဝန်ကြီးချုပ်က ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိမှာ ဇီဝအချက်အလက် မပေးနိုင်ရင် မဏိပူရ်အစိုးရဘက်က နယ်စပ်အဝင်အထွက်တွေကို ကန့်သတ်ထားပြီး၊ ဖမ်းမိရင်လည်း မြန်မာနိုင်ငံကို ပြန်ပို့တာတွေရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။

ပြန်ပို့ခံရတဲ့ စစ်ရှောင်အများစုဟာ မြန်မာနိုင်ငံထဲ ပြန်မလာဘဲ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ အဆင်ပြေသလို နေထိုင်နေကြပြီး၊ သူတို့ကို အကူအညီပေးဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ CNF က ဆက်လက်ရှင်းပြပါတယ်။

CNF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆလိုင်းခွာအုက်လျံက "ကျနော်တို့အနေနဲ့လည်း အိန္ဒိယဘက် အစိုးရအနေအထား ဖြစ်နေတော့ ဝင်ရောက်ပြီး ပြောဆိုဖို့က မလွယ်ဘူး။ ကျနော်တို့မှာလည်း အခက်အခဲရှိတာပေါ့။ နောက်ပြီးတော့ မဏိပူရ်ပြည်နယ်က သူတို့ရဲ့ ပြည်နယ် အခြေအနေအရ လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ အိန္ဒိယအစိုးရနဲ့ အဆင်မပြေတဲ့အဖွဲ့တွေကလည်း အနည်းဆုံး ၃-၄-၅ ဖွဲ့လောက် ရှိတာပေါ့။ အဲဒီလိုမျိုး အခြေအနေဖြစ်တဲ့အခါကျတော့ ကျနော်တို့ကလည်း ဝင်ပြော၊ ဝင်လုပ်ပေးဖို့ ကန့်သတ်ချက်တွေ ရှိတယ်။ အကန့်အသတ် ရှိတဲ့အခါကျတော့ ဘာမှ ဟုတ်တိပတ်တိ ကူညီပေးနိုင်တာ မရှိဘူး။ စိတ်မကောင်းစရာကြီးပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မဏိပူရ်ပြည်နယ်ထဲကို တိမ်းရှောင်သွားကြတဲ့ မြန်မာစစ်ရှောင်တွေဟာ ပြည်နယ်အစိုးရရဲ့ ဖိအားအပြင်၊ ကူကီးနဲ့ ကသည်း လူမျိုးစုတွေကြားက လူမျိုးရေး ပဋိပက္ခတွေကြောင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လတုန်းကလည်း ကမ်ဂျွန်ခရိုင်၊ နန်မလီကျေးရွာက မြန်မာစစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ပြည်နယ်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားကြောင့် နေရပ်ပြန်ခဲ့ကြရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ကုန်းလမ်းကြောင်းကနေတဆင့် အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ခန့်မှန်းခြေ အရေအတွက်ဟာ ၉၃,၄၀၀ ကျော်အထိ ရှိလာခဲ့ပြီလို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013