ကမ္ဘာ့အင်အားအကြီးဆုံး ၂ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ မေ ၁၅ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ အလွန်ကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ရရှိခဲ့တယ်လို့ ပြောပါတယ်။
ထရမ့်ပ်က “ဒီကနေ ကောင်းကျိုးများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ၂ နိုင်ငံစလုံးအတွက် အကျိုးရှိစေမဲ့ ကုန်သွယ်ရေး သဘောတူညီချက်တချို့ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်” လို့ ပေကျင်းမြို့က ကျုံနန်ဟိုင် ဥယျာဉ်ထဲကို လှည့်လည်ကြည့်ရှုရင်း မှတ်ချက်ပေးခဲ့တာပါ။
Fox News နဲ့ အင်တာဗျူးမှာတော့ တရုတ်နိုင်ငံဟာ ဘိုးအင်းလေယာဉ် အစင်း ၂၀၀ ကို ဝယ်ယူဖို့အတွက် သဘောတူညီခဲ့ကြောင်း ထရမ့်ပ်က အတည်ပြုပါတယ်။
ဒါဟာ ဆယ်စုနှစ်တခုနီးပါးအတွင်း အမေရိကန်ထုတ် စီးပွားဖြစ်လေယာဉ်တွေကို တရုတ်က ပထမဆုံး ဝယ်ယူမှုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ဘက်က တံခါးတွေကို ပိုပြီးကျယ်ပြန့်အောင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တဲ့အလျောက် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းဈေးကွက်ထဲမှာ အလားအလာကောင်းတွေ ပိုမိုရရှိလာနိုင်တယ်ဆိုပြီး ရှီက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို သတင်းစကား ပါးခဲ့ပါတယ်။
၂ နိုင်ငံကြား ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ဖို့အတွက် ရှီက တိုက်တွန်းခဲ့ပါတယ်။
ဒါဟာ အပြန်အလှန် အကျိုးရှိစေမဲ့ ဆက်ဆံရေးဖြစ်သလို နှစ်ဖက်စလုံးအတွက် အနိုင်ရလဒ်တွေ ဆောင်ကြဉ်းပေးနိုင်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တချိန်တည်းမှာ အမေရိကန်ကုမ္ပဏီတွေအတွက် တရုတ်နိုင်ငံဟာ အဓိကကျတဲ့ ဈေးကွက်ကြီးတခု အဖြစ် ဆက်ရှိနေသလို စည်းမျဉ်းစည်းကမ်းတွေ၊ ဗျူရိုကရေစီယန္တရား ရှုပ်ထွေးမှုတွေနဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လုပ်ကိုင်ရခက်ခဲတဲ့ စီပွားရေးဝန်းကျင်လည်း ဖြစ်လို့နေပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံတော်အဆင့် ညစာစားပွဲမှာလည်း စက်တင်ဘာ ၂၄ ရက်အတွင်း အမေရိကန်နိုင်ငံဆီ လာရောက်လည်ပတ်ဖို့ သမ္မတရှီကို ထရမ့်ပ်က ပြန်ဖိတ်ကြားခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာလတုန်းက သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ ရှီဟာ အမေရိကန်ကို နောက်ဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ၂၀၂၆ ခုနှစ်အတွင်း ထရမ့်ပ်နဲ့ ရှီတို့ကြား ၄ ကြိမ်လောက် တွေ့ဆုံနိုင်ခြေရှိကြောင်း နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ ခန့်မှန်းထားပါတယ်။
နောက်ဆုံးမှာတော့ အမေရိကန်သမ္မတက ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Air Force One လေယာဉ်ပေါ် တက်ပြီး ၂ ရက်ကြာ တရုတ်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။











