
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက၊ ဝှယ်ဒူးလျား စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဝင်ရောက်မီးရှို့သွားတာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျသွားပြီး စစ်ရှောင်တွေ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ဒီးမော့ဆို–ဖရူဆို–ဘောလခဲ လမ်းပိုင်းကနေ စစ်ကြောင်းထိုးလာပြီး မေ ၈ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ရှောင်စခန်းထဲ ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနောက် စစ်ရှောင်တဲအိမ်တွေကို မီးရှို့ခဲ့တာကြောင့် စခန်းထဲက နေအိမ်အများအပြား မီးလောင်သွားခဲ့တယ်လို့ ခသိရပါတယ်။
စစ်ဘေးရှောင်တယောက်က “စစ်တပ် ဝင်လာတာနဲ့ အကုန်ထွက်ပြေးရတယ်။ ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဝင်လာပြီး ချက်ချင်းမီးရှို့တာ။ တဲအိမ်တွေ မီးလောင်သွားတော့ ပစ္စည်းအများစု မယူလိုက်နိုင်ဘူး။ စစ်ရှောင်အိမ်ခြေ ၆၀ လောက်ရှိတာ တဝက်ကျော် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ဝှယ်ဒူးလျားစစ်ရှောင်စခန်းမှာ ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်က စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေကြတာဖြစ်ပြီး အခုဖြစ်စဉ်ပြီးနောက် အစားအသောက်၊ အဝတ်အထည်နဲ့ ယာယီခိုလှုံစရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ စခန်းထဲကနေ ပြန်ထွက်သွားပြီဖြစ်ပေမဲ့ စစ်ရှောင်တွေကတော့ လုံခြုံရေး စိုးရိမ်နေသေးတာကြောင့် မူလစခန်းကို မပြန်ရဲသေးဘဲ တောတွင်းနဲ့ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာပဲ ဆက်လက်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










