
အိန္ဒိယ–မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းငယ်လေးသည် မိုးဦးရာသီ၏ လေပြင်းနှင့် မိုးစက်များအောက်တွင် ငြိမ်သက်နေသည်။ မုတ်သုံလေကြမ်းများ တိုက်ခတ်လာသည့်အခါတိုင်း ရရာပလတ်စတစ်နှင့် မိုးကာများဖြင့် ကာရံထားသည့် တဲငယ်များက ယိမ်းယိုင်လှုပ်ခတ်ကာ လေနှင့်အတူ မိုးရေများက တဲအတွင်းသို့ တိုးဝင်လာတတ်သည်။
မိုးယိုနေသော တဲငယ်တလုံးတွင် မငိုင် (အမည်လွဲ) တယောက် အိပ်မပျော်နိုင်သေးပေ။ ထိုတဲငယ်လေးမှာ ကြမ်းခင်းအတွက် ပျဉ်မဝယ်နိုင်သဖြင့် ဝါးကြမ်းကိုသာ ခင်းထားရပြီး မိုးလေပြင်းသည့်ညများ၌ မိုးလွတ်မည့် ကျောတခင်းစာနေရာ ရှာရသည်မှာပင် မလွယ်ကူလှပေ။ ထိုသို့သောညများတွင် မိုးမပက်သည့် တဲထောင့်တနေရာ၌ သားငယ်နှင့် သမီးငယ်တို့ကို ချော့သိပ်ထားကာ သူ့မှာမူ မိုးတိတ်သည်အထိ ငုတ်တုတ်ထိုင်စောင့်နေတတ်သည်။
“မိုးလေကြီးရင် ပစ္စည်းတွေကို တာလပတ်နဲ့ ကာထားရတယ်။ ဒါပေမဲ့ အသက်ဘေး လုံခြုံဖို့က အဓိကပဲလေနော့” ဟု မငိုင်က ပြောသည်။
အသက် ၄၀ ကျော်အရွယ် မငိုင်သည် ရန်လင်းဖိုင်ရွာမှ ဒေသခံတဦးဖြစ်ပြီး ခင်ပွန်း ဆုံးပါးသွားပြီးနောက် သားသမီးနှစ်ဦးကို သူတဦးတည်း ပြုစုပျိုးထောင်လာခဲ့ရသည်။
မငိုင် ခိုလှုံနေသည့် စစ်ရှောင်စခန်းတွင် ရန်လင်းဖိုင်ရွာမှ တိမ်းရှောင်လာသူအများစု နေထိုင်ကြသည်။ သို့သော် သူတို့အတွက် ယခုတကြိမ်သည် ပထမဆုံးအကြိမ် စစ်ဘေးရှောင်ရခြင်း မဟုတ်ပေ။ ၂၀၂၂ ခုနှစ် ဇွန်လနှင့် စက်တင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်အုပ်စုက ရန်လင်းဖိုင်ရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
သို့ရာတွင် မငိုင်တို့၏ စစ်ဘေးရှောင်ဘဝမှာ ဤမျှဖြင့် အဆုံးမသတ်နိုင်ခဲ့သေးပေ။ ယခုနှစ် ဇွန်လအစောပိုင်းတွင် ကလေး–တမူးလမ်းမကြီးတလျှောက် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့ရာ စစ်မီးသည် မငိုင်တို့ခိုလှုံနေသည့် နယ်စပ်ဒေသအထိ ရောက်ရှိလာခဲ့ပြီး သူတို့ မိသားစု ထပ်မံ၍ စစ်ဘေးရှောင်ခဲ့ကြရသည်။
ထိုတိုက်ပွဲများကြောင့် ကလေး–တမူးလမ်းမကြီးနံဘေးရှိ ကျေးရွာများမှ ဒေသခံအများအပြား အိန္ဒိယဘက်သို့ တိမ်းရှောင်ခဲ့ကြရပြီး ထိုသို့ စစ်ဘေးရှောင်ရမှုက သူတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း အခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်။
လမ်းမကြီးပေါ်က တကျော့ပြန်တိုက်ပွဲများ
မငိုင်နေထိုင်ရာ ရန်လင်းဖိုင်ရွာသည် တမူးမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာ ကလေး–တမူး လမ်းမကြီးဘေးတွင် တည်ရှိသည်။ အဆိုပါလမ်းပိုင်းသည် အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတခုဖြစ်သည့်အပြင် အိန္ဒိယ–မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါသည့် လမ်းကြောင်းတခု ဖြစ်သည်။
တိုက်ပွဲများ မဖြစ်ပွားမီ ရက်ပိုင်းအလို စစ်အာဏာရှင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီနှင့် တွေ့ဆုံကာ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အပါအဝင် စီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း Hindustan Times သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့ပြင် DD News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင်လည်း ကလေး–တမူးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေကြောင်း သူက ထည့်သွင်းပြောခဲ့သည်။
ဇွန် ၇ ရက်မှ စတင်၍ စစ်တပ်က ကလေးမြို့နှင့် တမူးမြို့ဘက်မှ စုပေါင်းအင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဇွန် ၁၀ ရက်တွင် မငိုင်တို့ ခိုလှုံနေသည့် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်ဘေးရှောင် အများစုမှာ ပစ္စည်းနှင့် ရိက္ခာများကိုပင် မသယ်ယူနိုင်တော့ဘဲ အိန္ဒိယဘက်ခြမ်းသို့ နောက်တကြိမ် ထပ်မံတိမ်းရှောင်ခဲ့ကြရသည်။
မငိုင်က “၂၀၂၂ ကတည်းက ရွာမီးရှို့ခံရလို့ ထွက်ပြေးခဲ့ရတယ်။ အခု စစ်ရှောင်စခန်းပါ မီးရှို့ခံလိုက်ရတော့ အိန္ဒိယဘက်ကို ထပ်ပြီး ပြေးလာကြရတယ်” ဟုဆိုသည်။
ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့အစည်း (KWHRO) ၏ ခန့်မှန်းချက်အရ လက်ရှိတွင် တမူးခရိုင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၁၀,၀၀၀ ခန့်သည် အိန္ဒိယ–မြန်မာနယ်စပ်တလျှောက်၌ စစ်ဘေးရှောင်နေရသည်။
“ရုတ်တရက် စစ်ရှောင်ရတာဖြစ်လို့ အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေပါတယ်” ဟု KWHRO မှ မကင်းဘွိုင်က ပြောသည်။
တင်းကျပ်လာသည့် နယ်စပ်နှင့် အကူအညီများ
အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများမှာ မငိုင်တို့သာ မဟုတ်ပေ။ ကလေး–တမူး လမ်းမကြီးတစ်လျှောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ခါမ်းပါတ်မြို့နယ်မှ ဒေသခံအများအပြားလည်း နယ်စပ်သို့ ထွက်ပြေးလာခဲ့ကြသည်။ သို့သော် အစပိုင်းတွင် အိန္ဒိယ အာဏာပိုင်များက ဝင်ရောက်ခွင့်မပြုခဲ့သဖြင့် စစ်ဘေးရှောင်အချို့မှာ နယ်စပ်တလျှောက် သောင်တင်နေခဲ့ရကြောင်း The Irrawaddy သတင်းဌာနက ဖော်ပြသည်။
ယင်းအခြေအနေကြောင့် THADO INPI Myanmar အဖွဲ့က အိန္ဒိယဘက်ရှိ ကျေးရွာခေါင်းဆောင်များ၊ အိန္ဒိယတာဝန်ရှိသူများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များ ဝင်ရောက်ခွင့်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်။
ခမ်းပါတ်မြို့မှ စစ်ရှောင်လာသူ မကင်ကင်းက “အစကတော့ ID Card ရှိမှ ဝင်လို့ရတယ်။ ဒါပေမဲ့ တစ်ပတ်လောက်ကြာတော့ လူတိုင်းကို ဝင်ခွင့်ပေးလာတယ်” ဟု ပြောသည်။
နယ်စပ်ဖြတ်ကျော်ခြင်းသည် ယခင်က ဒေသခံများအတွက် ခက်ခဲသည့်ကိစ္စ မဟုတ်ခဲ့ပေ။ လွတ်လပ်စွာ သွားလာခွင့် (Free Movement Regime – FMR) အစီအစဉ်အရ နှစ်နိုင်ငံနယ်စပ်ကို အလွယ်တကူ ကူးသန်းသွားလာနိုင်ခဲ့ကြသည်။ သို့သော် လက်ရှိတွင် အိန္ဒိယအစိုးရ၏ ကန့်သတ်ချက်များနှင့် နယ်စပ်ခြံစည်းရိုး ကာရံရေးအစီအစဉ်များကြောင့် နယ်စပ်ဖြတ်ကျော်ရန် ပိုမိုခက်ခဲလာခဲ့သည်။
ယင်းအခြေအနေသည် မငိုင် အပါအဝင် စစ်ဘေးရှောင်များအတွက် လုံခြုံရာသို့ တိမ်းရှောင်ရန်သာမက လူသားချင်းစာနာမှု အကူအညီများ လက်ခံရရှိရေးကိုပါ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ပြောင်းလဲစေခဲ့သည်။
KWHRO မှ မကင်းဘွိုင်ကလည်း အိန္ဒိယဘက်တွင် စစ်ဆေးမေးမြန်းမှုများ တင်းကျပ်လွန်းသဖြင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း ထောက်ပြသည်။
အဆိုပါ အခက်အခဲကို အလှူရှင်များ ကိုယ်တိုင်လည်း ကြုံတွေ့နေရသည်။ ဇူလိုင်လအစောပိုင်းက စစ်ဘေးရှောင်များထံ သွားရောက်လှူဒါန်းခဲ့သည့် မဒီဘောရက နယူးဆမ်တယ်ဂိတ်၌ တင်းကျပ်စွာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး အလှူပစ္စည်းများ သယ်ယူရာတွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း ပြန်လည်ပြောပြသည်။
ပညာရေးနှင့် ကျန်းမာရေး အကျပ်အတည်းများ
အိန္ဒိယဘက်သို့ ရောက်ရှိလာခဲ့သော်လည်း မငိုင်၏ စိတ်ပူပန်မှုများမှာ ပြေလျော့မသွားခဲ့ပေ။ ဇွန်လသည် ကျောင်းဖွင့်ရာသီဖြစ်သော်လည်း သူ၏ သားငယ်နှင့် သမီးငယ်အပါအဝင် စစ်ဘေးရှောင် ကလေးအများအပြားမှာ စာသင်ခန်းများအစား ယာယီစစ်ဘေးရှောင်တဲများ အတွင်း၌သာ သူတို့၏ နေ့ရက်များကို ကုန်ဆုံးနေကြရသည်။
စစ်ရေးအခြေအနေကြောင့် တမူးတောင်ပိုင်းရှိ NUG စာသင်ကျောင်းများအားလုံးကို ပိတ်ထားရပြီး၊ နယ်စပ်ရှိ စစ်ရှောင်စခန်းအချို့၌ ယခင်ကတည်းက ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်ကျောင်းများရှိသော်လည်း ယခုတကျော့ပြန်တိုက်ပွဲများအတွင်း ခမ်းပါတ်မြို့နယ်မှ အသစ်ရောက်ရှိလာသည့် ကလေးများမှာမူ ကျောင်းပြန်မတက်နိုင်သေးဟု NUG ပညာရေးတာဝန်ရှိသူ ဆရာဂျိုနသန်က ပြောသည်။
စစ်ဘေးရှောင်ဘဝ ရှည်ကြာလာသည်နှင့်အမျှ သားသမီးနှစ်ဦး၏ ပညာရေးသည် တနေ့ထက်တနေ့ ပိုမိုဝေးကွာသွားမည်ကို မငိုင်က တွေးပူနေမိသည်။
မငိုင်က “ကလေးတွေက အခုချိန်မှာ စူးစမ်းလိုစိတ်များပြီး မသိတာတွေ မေးတဲ့အရွယ်။ အခုလို ကျောင်းဆက်မတက်နိုင်တော့ အနာဂတ်မှာ ပညာမဲ့တဲ့ကလေးတွေ ဖြစ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်” ဟု ရင်ဖွင့်သည်။
ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း မငိုင်တို့ မိသားစုအတွက် နောက်ထပ်ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်လာသည်။ မိုးရာသီရောက်ရှိလာသည်နှင့်အမျှ နယ်စပ်ဒေသရှိ စစ်ဘေးရှောင်များမှာ ရာသီဥတုဒဏ်နှင့် ကျန်းမာရေးပြဿနာများကို တပြိုင်နက် ရင်ဆိုင်နေကြရပြီး စစ်ရှောင်စခန်းများတွင် ဖျားနာသူများ တိုးလာသော်လည်း ဆေးပေးခန်းများ မရှိပေ။
လားရန်း စစ်ဘေးရှောင်ရွာရှိ CDM ဆရာဝန်တဦးကလည်း သူ့ထံ လာရောက်ပြသသူအများစုတွင် တုပ်ကွေးလက္ခဏာများ တွေ့ရပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများလည်း ရှိနေကြောင်း ဆိုသည်။ လူများ စုပြုံနေထိုင်ရခြင်း၊ အာဟာရမပြည့်ဝခြင်းနှင့် ဆေးဝါးလက်လှမ်းမမီခြင်းတို့က ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားစေကြောင်း သူက ရှင်းပြသည်။
မငိုင်၏ သမီးငယ်မှာလည်း ဖျားနာနေပြီး လိုအပ်သည့် ဆေးကုသမှုကို မရရှိသေးဟု မငိုင်က ပြောပြသည်။
“မြန်မာဘက်ကို ပြန်ဝင်လို့မရသလို ဒီမှာ ဆေးခန်းလည်း မရှိဘူး။ မိုးတွင်းရောက်လာတော့ တုပ်ကွေးဖြစ်တဲ့သူတွေ များလာနေပြီး ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စိုးရိမ်နေရတယ်။”
သူ့အနေဖြင့် သမီးငယ်ကို အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ ခေါ်ဆောင်ကာ ဆေးကုသပေးလိုသော်လည်း လက်ရှိတွင် အလုပ်အကိုင်နှင့် ဝင်ငွေမရှိသဖြင့် ကုသစရိတ် မတတ်နိုင်ဘဲ ဖြစ်နေသည်။
ပြတ်တောက်သွားသော ဝင်ငွေနှင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်း
ကုသစရိတ် မတတ်နိုင်ခြင်း၏ နောက်ကွယ်တွင် စစ်ဘေးရှောင်များ၏ ရပ်တန့်လုနီးပါးဖြစ်နေသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများက ရှိနေသည်။
မိုးရာသီသည် ဒေသခံတောင်သူများအတွက် စပါးစိုက်ပျိုးရမည့်အချိန် ဖြစ်သော်လည်း၊ တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ကနန်ရွာမှ စစ်ဘေးရှောင် လယ်သမားတဦးက ပြောသည်။
“မနှစ်ကတော့ စပါးစိုက်လို့ အဆင်ပြေခဲ့တယ်။ ဒီနှစ်ကျတော့ စပါးစိုက်ခါနီးမှာပဲ စစ်ရှောင်လိုက်ရတော့ စပါးမစိုက်ဖြစ်တော့ဘူး။”
မိုးရာသီတိုင်း ကောက်စိုက်အလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့သည့် မငိုင်သည်လည်း နယ်စပ်တဖက်သို့ တိမ်းရှောင်နေရသဖြင့် ယခုနှစ်တွင် အလုပ်အကိုင် လုံးဝမရှိတော့ဘဲ ဖြစ်နေသည်။ လယ်ယာစိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကအားထားသည့် တမူးခရိုင်ဒေသခံများအတွက် တိုက်ပွဲများသည် ဝင်ငွေရင်းမြစ်နှစ်ခုလုံးကို တပြိုင်နက် ထိခိုက်စေခဲ့သည်။
တဖက်တွင် ဝင်ငွေများ ရပ်တန့်သွားချိန်၌ မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများက တရိပ်ရိပ် မြင့်တက်လျက်ရှိသည်။ ဒေသတွင်း ကုန်စုံဆိုင်ရှင်တဦး၏ ပြောကြားချက်အရ ဇွန်လတိုက်ပွဲများ မတိုင်မီက ကျပ် ၈၆,၀၀၀ ရှိခဲ့သည့် ဆန်တစ်တင်းဈေးမှာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကျပ် ၉၅,၀၀၀ အထိ မြင့်တက်လာသကဲ့သို့၊ ဓာတ်ဆား တဖာဈေးမှာလည်း ကျပ် ၄၈,၀၀၀ မှ ၆၅,၀၀၀ အထိ ရောက်ရှိလာခဲ့သည်။
ကလေး–တမူးလမ်းမကြီးမှ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားခြင်းကြောင့် ဒေသခံများသည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ လူသုံးကုန်နှင့် စားသောက်ကုန်များကို အဓိက ဝယ်ယူတင်သွင်းနေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ညနက်လာသည်နှင့်အမျှ စစ်ဘေးရှောင်စခန်းတခုလုံး တဖြည်းဖြည်း ငြိမ်သက်လာသည်။ လေပြင်းများ အားလျော့သွားသော်လည်း တာလပတ်မိုးကာများပေါ်သို့ ကျနေသည့် မိုးစက်သံများကိုမူ ဆက်လက်ကြားနေရဆဲ ဖြစ်သည်။
သားငယ်နှင့် သမီးငယ်တို့ အိပ်မောကျသွားပြီးနောက် မငိုင်သည် သမီးငယ်၏ ကိုယ်ပူရှိန်ကို တချက်စမ်းကြည့်ကာ စောင်ကို အသာအယာ ပြန်ခြုံပေးလိုက်သည်။
ထို့နောက် ကလေးနှစ်ဦး၏ နံဘေးတွင် ညင်သာစွာ လှဲချပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် မငိုင်မှာ အိပ်မပျော်နိုင်သေးပေ။
Exodus










