DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကရင်နီတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၂ ဦး သေဆုံး
မောရစ်
·
September 16, 2026
ဒီးမော့ဆိုစစ်ရှောင်ပြည်သူအချို့ (Photo: DVB)
ဒီးမော့ဆိုစစ်ရှောင်ပြည်သူအချို့ (Photo: DVB)
Donate to DVB

စက်တင်ဘာ လဝက်အတွင်းမှာပဲ ကရင်နီပြည်နယ်မှာ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၂ ယောက်အထိ သေဆုံးမှု ရှိလာနေပါတယ်။

စက်တင်ဘာလအစမှာ မိုးဗြဲကိုတက်လာတဲ့ စစ်ကြောင်းနဲ့ လွိုင်ကော်အရှေ့ခြမ်းက စခန်းသိမ်း တိုက်ပွဲမှာ အထိနာခဲ့တဲ့အတွက် စစ်တပ်ဟာ ဒီးမော့ဆို၊ ဖရူဆို၊ နန်းမယ်ခုံ၊ မော်ချီး၊ ရှားတောနဲ့ လွိုင်ကော်အရှေ့ခြမ်းက အရပ်သားပြည်သူတွေကို စက်တင်ဘာလတလလုံး လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

စက်တင်ဘာ ပထမအပတ်ထဲမှာတင် တိုက်ပွဲမရှိတဲ့ မော်ချီးနဲ့ ရှားတောဘက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၁၁ ယောက် သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာလည်း နန်းမယ်ခုံမြို့နယ်ထဲ အသေခံဒရုန်းနဲ့ ဝင်တိုက်လို့ ပြည်သူတယောက် ထပ်မံသေဆုံးခဲ့ပါတယ်။

ဒါကြောင့် စက်တင်ဘာ လဝက်အတွင်းမှာတင်ပဲ အရပ်သား သေဆုံးမှုဟာ ၁၂ ယောက်အထိ ရှိလာနေပြီး တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ လူနေရပ်ကွက်တွေနဲ့ စစ်ရှောင်စခန်းတွေ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထောက်ပြထားပါတယ်။

စစ်ရေးအရ အနိုင်မရတော့တဲ့အတွက် လူထုကို အကြောက်တရားနဲ့ နှိပ်ကွပ်ဖို့ ဒီလိုလုပ်နေတာလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ဗညားခွန်အောင်က သုံးသပ်ပါတယ်။

“အဓိကကတော့ လူထုတွေ အကြောက်တရားနဲ့ နေထိုင်မယ်၊ လူထုတွေ တနေရာကနေ တနေရာ ပြောင်းရွှေ့ခြင်းအားဖြင့် လူမှုစီးပွားပျက်အောင် လုပ်မယ်၊ အဲဒီအတွက်ကြောင့်မို့ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ပိုလုံခြုံမယ်ဆိုတဲ့ လူတွေ mindset ကို သွင်းတာလည်း ပါသလို စစ်ပွဲမှာ စစ်ရေး၊ စစ်ဗျူဟာပိုင်းမှာ အနိုင်မရဘူးဆိုရင် သေချာပေါက်ကတော့ ကျနော်တို့ကို အားပေးထောက်ခံတဲ့ ပြည်သူလူထုတွေပေါ့နော်၊ သူတို့ကို အကြောင်းရှာပြီးတော့မှ မဟုတ်လည်း ရန်ငြိုးရန်စပုံစံမျိုး ရန်သူတဖွဲ့ သတ်မှတ်ပြီးတော့မှ သတ်ဖြတ် တိုက်ခိုက် ဖျက်ဆီးတယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။”

စစ်အာဏာရှင်တပ်က ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေချိန်မှာပဲ ဖယ်ခုံအရှေ့ခြမ်းနဲ့ မိုးဗြဲဘက်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက စစ်ရှောင်တွေနဲ့ CDM သမားတွေကို လူမှုကွန်ရက်ကနေတဆင့် နေအိမ်တွေပြန်ကြဖို့ ဝါဒဖြန့် ဖိတ်ခေါ်နေတာတွေလည်း ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင်ရှားတဲ့ ဒဏ်ကြားကနေပဲ ဒရုန်းနဲ့ လေကြောင်းဒဏ် ခံနေရတဲ့အခါ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်သွားရတဲ့လမ်းကိုပဲ စစ်ရှောင်တချို့ဟာ မဖြစ်မနေ ရွေးချယ်လာရပါတယ်။

လက်ရှိ ဖယ်ခုံအရှေ့ခြမ်းက စစ်ရှောင်တချို့ နေရပ်ပြန်ကြပေမဲ့ ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်မှာတော့ စစ်တပ်က နေအိမ်တွေထဲထိ တပ်စွဲနေရာယူထားတဲ့အတွက် ပြန်လို့မရသေးဘူးလို့ ဒီးမော့ဆို စစ်ရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်တယောက်က “အထူးသဖြင့် ငွေတောင် ကျနော်တို့ဘက်ခြမ်းမှာက ငွေတောင်နဲ့ ဖရူဆိုမြို့ပေါ်က လူတွေ များတယ်။ ပြောရမယ်ဆိုရင် ခဏခဏတော့ပြောတယ်၊ အွန်လိုင်းပေါ်မှာ အသိပေးတာတို့ ပြီးရင် နီးစပ်ရာ နီးစပ်ရာကနေ ကိုယ့်အိမ်ကို ပြန်လာနေကြဖို့ လုံခြုံရေးနဲ့ ပတ်သက်ရင် မကြောက်ဖို့၊ ပြန်တဲ့သူတွေ ဆိုတာကလည်း ဟိုး ဖယ်ခုံအရှေ့ခြမ်းအဖွဲ့တွေပေါ့၊ အလုပ်အကိုင်နဲ့ ငွေကြေး စားသောက်မှု ရှားပါးလာတာနဲ့အမျှ ဖယ်ခုံအင်းအရှေ့ကမ်းမှာနေတဲ့ ငါးမူး(ကျေးရွာ)၊ ရွှေစန်း(ကျေးရွာ) ပြီးရင် ဒေါပေါ်ကူးတို့ ဖယ်ခုံအင်းရဲ့ အရှေ့ဘက်တကြောက တချို့ ပြန်တာတွေရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ စစ်တပ်ရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့ကြောင့် ကရင်နီက ဒီးမော့ဆို၊ ဖရူဆို၊ နန်းမယ်ခုံနဲ့ မော်ချီးက ပြည်သူ ၉ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Karenni Civil Society Network - KCSN က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေးရှုံးနိမ့်မှုတွေကို အကာအကွယ်ယူတဲ့အနေနဲ့ စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေဆဲဖြစ်ပြီး ကရင်နီပြည်နယ် အတွင်းက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေဟာ အသက်အန္တရာယ်ကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013