
ရုရှားက NATO အဖွဲ့ဝင် နိုင်ငံတွေကို တိုက်ခိုက်လာရင် “တားဆီး၊ အရှိန်ချိုး၊ ချေမှုန်း” (Block, Blunt and Break) ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ခုခံပြီး ကျူးကျော်တပ်တွေနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ စစ်ရေးစနစ်တွေကိုပါ ဖျက်ဆီးမယ်လို့ NATO တပ်မှူးချုပ် အလက်ဆက် ဂရင်ကာဝစ်ချ်က သတိပေးလိုက်ပါတယ်။
အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ ဂရင်ကာဝစ်ချ်က အောက်တိုဘာ ၁၂ ရက်မှာ ပိုလန်နိုင်ငံ ဝါဆောမြို့က လုံခြုံရေးဖိုရမ်မှာ “အောင်ပွဲရယူရေး ဗျူဟာ” (Theory of Victory) ကို အခုလို ရှင်းပြခဲ့ပါတယ်။
ပထမအဆင့်မှာ မြေပြင်တပ်တွေက ရန်သူ့ထိုးစစ်ကို တားဆီးပြီး NATO နယ်မြေကို သိမ်းပိုက်ခွင့်မပေးဖို့ ဖြစ်ပါတယ်။
ဒုတိယအဆင့်မှာ လေတပ်၊ ရေတပ်နဲ့ အဆင့်မြင့် စစ်ရေးနည်းပညာတွေကို အသုံးပြုပြီး ရန်သူ့ထိုးစစ်အရှိန်ကို ချိုးဖို့ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ ရန်သူ့တိုက်ခိုက်ရေးတပ်တွေသာမက ကွပ်ကဲရေး၊ ထောက်ပံ့ရေးနဲ့ လက်နက်ဖြည့်တင်းရေးစနစ်တွေကိုပါ ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို တိုက်ခိုက်ဖို့ မိုက်မဲလောက်တဲ့သူ ရှိလာရင် ကျနော်တို့ ပြန်တိုက်ခိုက်မှာပါ” လို့ ဂရင်ကာဝစ်ချ်က ပြောပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို တိုက်ခိုက်မှုမှန်သမျှ “လုံးဝအချည်းနှီး” ဖြစ်သွားစေမယ်လို့လည်း သူက သတိပေးပါတယ်။
“တိုက်ခိုက်ခံရရင် ဒီ ညတွင်းချင်းပဲ တိုက်ပွဲဝင်ဖို့ အသင့်ရှိတယ်” လို့ ဂရင်ကာဝစ်ချ်က ပြောပေမဲ့ စစ်ပွဲဖြစ်လာဖို့ နီးကပ်နေပြီလို့ မယူဆကြောင်းနဲ့ NATO ရဲ့ ရည်ရွယ်ချက်ဟာ စစ်ပွဲကို တားဆီးဖို့ဖြစ်ကြောင်း ရှင်းပြပါတယ်။
ရုရှားကို အမည်တပ် မပြောခဲ့ပေမဲ့ ဥရောပနိုင်ငံတွေက ရုရှားကို ဖျက်ဆီးရေးလုပ်ရပ်တွေ၊ ဒရုန်းကျူးကျော်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားချိန်မှာ အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။











