
Ferrari ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားဟာ လေလံပွဲတခုမှာ ဒေါ်လာ သန်း ၄၀ နဲ့ ရောင်းထွက်ခဲ့တဲ့အလျောက် ကားအသစ်တစီးအနေနဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါဟာ ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တဲ့ RM Sotheby's ပရဟိတလေလံပွဲအတွင်း Ferrari ရဲ့ Luce ကားဟာ ပုံမှန်ပေါက်ဈေးထက် ၃၅ ဆကျော် ပိုမိုရရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီကနေ ရောင်းရငွေမှန်သမျှကို ဖာရာရီဖောင်ဒေးရှင်းရဲ့ ပညာရေးအစီအစဉ်တွေဆီ လှူဒါန်းသွားမှာ ဖြစ်ပေမဲ့ Sotheby's ဘက်က ဝယ်ယူသူရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
iPhone ဒီဇိုင်နာဟောင်း ဆာ ဂျိုနီအိုက်ဗ်ရဲ့ လက်ရာဖြစ်တဲ့ Luce ကားကို ပြီးခဲ့တဲ့မေလတုန်းက စတင်မိတ်ဆက်ချိန်မှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Luce ဟာ Ferrari ရဲ့ နာမည်ကျော် ကားဒီဇိုင်းပုံစံတွေကနေ သွေဖည်နေတယ်ဆိုပြီး ဝေဖန်သူတချို့ အနေနဲ့ ထောက်ပြထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဘက်ထရီစွမ်းအင်သုံးကား ဖြစ်နေပြီး ထိုင်ခုံ ၅ ခုံအထိ ပါဝင်တာကြောင့် Ferrari အမှတ်တံဆိပ်ရဲ့ ဝိသေသလက္ခဏာတွေ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။
Ferrari ရဲ့ ဒီဇိုင်းပိုင်းအကြီးအကဲ ဖလာဗီယို မန်ဇိုနီ ကတော့ ဝေဖန်မှုတွေဟာ ဆန်းသစ် တီထွင်ရေး လုပ်ငန်းစဉ်မှာ တစိတ်တပိုင်းသာ ဖြစ်တဲ့အလျောက် အချိန်ကြာလာတာနဲ့အမျှ Luce ကားကို သဘောကျလာလိမ့်မယ်လို့ ယုံကြည်ကြောင်း တုံ့ပြန်ထားပါတယ်။
တချိန်တည်းမှာ အီလွန်မတ်စ်ခ်ရဲ့ Tesla နဲ့ တရုတ်ကုမ္ပဏီကြီးတွေ အဓိကလွှမ်းမိုးထားတဲ့ EV လျှပ်စစ်ကား ဈေးကွက်ထဲကို Ferrari က Luce နဲ့အတူ ပထမဆုံး ဝင်ရောက်လာခဲ့တာပါ။
Luce ကား ရောင်းအားနဲ့ပတ်သက်ပြီး ဘယ်လောက်ရည်မှန်းထားသလဲ ဆိုတာကို ထုတ်ပြန်ထားတာမျိုး မရှိပေမဲ့လည်း တရုတ်နိုင်ငံက ဝယ်လိုအားကြောင့် ဒီနှစ် သတ်မှတ်ချက် ပြည့်မီသွားပြီ ဖြစ်တယ်လို့ Financial Times ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်တုန်းကလည်း ဒေါ်လာ ၂၆ သန်းနဲ့ ရောင်းချနိုင်ခဲ့တဲ့ Daytona SP3 (ဒေတိုနာ-SP3) စူပါကားကြောင့် Ferrari ဟာ ကားအသစ်တစီးအတွက် လေလံဈေးအမြင့်ဆုံးဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်အထိ လေလံဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားတာကတော့ ၁၉၅၅ ခုနှစ်ထုတ် Mercedes-Benz ရဲ့ Uhlenhaut Coupé ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အဲဒီကားကို ဒေါ်လာ ၁၄၂ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။











