
ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို လေလံတင် ရောင်းချမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
လေလံပွဲကို ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ အဘူဒါဘီမှာ ကျင်းပမှာဖြစ်ပြီး အဲဒီလေလံပွဲမှာ ဇွမ်ဘီတွေနဲ့အတူ ကခဲ့တဲ့ သီချင်းထဲက Thriller ဂျက်ကက်အင်္ကျီလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မိုက်ကယ်ဂျက်ဆင်ရဲ့ ၁၉၈၂ ခုနှစ် မိုတောင်းရှိုးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ လက်အိတ်လည်း ပါဝင်မှာဖြစ်ပါတယ်။
ဒီလေလံကို ဂျူလီယံလေလံက ဦးစီးပြုလုပ်တာဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက မိုက်ကယ်ဂျက်ဆင်ရဲ့ လက်အိတ်ကို ဒေါ်လာ ၄၃၀,၀၀၀ နဲ့ ရောင်းချခဲ့ဖူးပြီး ကမ္ဘာ့ဈေးအကြီးဆုံးလက်အိတ်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒီလေလံပွဲမှာ မိုက်ကယ်ဂျက်ဆင် ပထမဆုံး ဝတ်ဆင်ခဲ့တဲ့ လက်အိတ်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ဒီလက်အိတ်ဟာ ၁၉၇၀ ခုနှစ်က မိုက်ကယ်ဂျက်ဆင် ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ လက်အိတ်လည်း ဖြစ်ပါတယ်။
ဒီလေလံပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ အသုံးအဆောင်ပစ္စည်း ၄၀၀ နီးပါး ပါဝင်ပြီး ဒေါ်လာ ၁၀ သန်းကျော် ရမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလေလံပွဲမှာ ဖက်ရှင်အိုင်ကွန်ဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာရဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ၁၉၉၇ ခုနှစ်က ဒိုင်ယာနာကိုယ်တိုင် ရောင်းချခဲ့တဲ့ အဝတ်အစားတွေ ပါဝင်ပါတယ်။
Source: Reuters











