နာဇီခေတ် ပိုင်ဆိုင်မှုအငြင်းပွား ဗန်ဂိုးပန်းချီကား ဒေါ်လာ သန်း ၁၉၀ ကျော်ဖြင့် လေလံအောင်
နာဇီဂျာမနီခေတ်က ပိုင်ဆိုင်မှုအငြင်းပွားချက်ရှိခဲ့တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကားတချပ်ဟာ နိုဝင်ဘာ ၁၈ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၄ သန်းနဲ့ စံချိန်တင် လေလံအောင်သွားခဲ့ပါတယ်။
Châtaigniers en fleurs ("Chestnut Trees in Blossom") လို့ အမည်ပေးထားတဲ့ သစ်အယ်သီးပင်တွေ ပန်းပွင့်နေတဲ့ ပန်းချီကားကို Sotheby's လေလံကုမ္ပဏီက ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းချီကားဟာ ၁၈၉၀ ပြည့်နှစ် ဗန်ဂိုး မကွယ်လွန်မီ နောက်ဆုံးနှစ်လအတွင်း ရေးဆွဲခဲ့တဲ့လက်ရာ ဖြစ်ပါတယ်။
လေလံဈေး ဒေါ်လာ ၁၆၅ သန်းကို ဝန်ဆောင်ခတွေ ပေါင်းလိုက်တဲ့အခါ ဒေါ်လာ ၁၉၀ ဒသမ ၄ သန်းအထိ ရှိခဲ့ပြီး ဗန်ဂိုးပန်းချီကားတွေအတွက် အရင်စံချိန် ဒေါ်လာ ၁၁၇ ဒသမ ၂ သန်းကို ကျော်လွန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီပန်းချီကားဟာ နာဇီဂျာမနီခေတ်က အတင်းအကျပ် ရောင်းချခဲ့ရသလားဆိုတဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီပန်းချီကားကို ၁၉၀၉ ခုနှစ်မှာ ဂျာမန်စာအုပ်ထုတ်ဝေသူ ဆင်မြူရယ် ဖစ်ရှာက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
နာဇီတွေရဲ့ ဖိနှိပ်မှုကြောင့် မိသားစုစီးပွားရေး ထိခိုက်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ပန်းချီကားကို ဖိအားအောက်ကနေ ရောင်းချခဲ့ရတယ်လို့ ဖစ်ရှာရဲ့ သားစဉ်မြေးဆက်တွေက စွပ်စွဲခဲ့ပါတယ်။
ဒီပန်းချီကားကို ၁၉၇၅ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ အာဂျင်တီးနား မိသားစုနဲ့ ဖစ်ရှာရဲ့ သားစဉ်မြေးဆက်တွေကြား အငြင်းပွားမှုကိုတော့ လေလံပွဲမတိုင်မီ နောက်ဆုံးအချိန်မှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။
နာဇီခေတ်က ပန်းချီကားရဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းနဲ့ ဖစ်ရှာ မိသားစု ခံစားခဲ့ရတဲ့ ဒုက္ခတွေကို အသိအမှတ်ပြုပြီး နှစ်ဖက်စလုံး ကျေနပ်တဲ့ သဘောတူညီချက် ရရှိခဲ့တာလို့ Sotheby's က ထုတ်ပြန်ပါတယ်။
Source: Reuters











