
ပြင်သစ် ရီဗီးရာဒေသ ကာန်း-ဆူ-မဲရ် မြို့မှာရှိတဲ့ ရေးနွားပြတိုက်ကနေ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက ပန်းချီကား ၄ ကား ခိုးယူခံခဲ့ရပြီး ၂ ကားကိုတော့ ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသဆိုင်ရာ မြို့တော်ဝန်က ပြောပါတယ်။
သူခိုးတွေဟာ မနက် ၆ နာရီ မထိုးခင်လေးမှာ ပြတိုက်အတွင်း အတင်းအဓမ္မ ဖောက်ဝင်ခဲ့ကြတာလို့ မြို့တော်ဝန် ဘရိုင်ယန် မာဆွန်းက သတင်းထောက်တွေကို ပြောပါတယ်။
ခိုးယူခံလိုက်ရတဲ့ ပန်းချီကားတွေက ဘာကားတွေလဲ ဆိုတာကိုတော့ မာဆွန်းက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ရေးနွားရဲ့ တန်ဖိုးအရှိဆုံး လက်ရာတွေဟာ လေလံပွဲတွေမှာ ဒေါ်လာသန်းပေါင်းများစွာအထိ ဈေးရလေ့ရှိပါတယ်။
နိစ်မြို့အနီး ကာန်း-ဆူ-မဲရ် တောင်ကုန်းပေါ်ရှိ ဒီပြတိုက်ကို ၁၉၁၉ ခုနှစ်က ကွယ်လွန်ခဲ့သူ အထင်ကရ အင်ပရက်ရှင်နစ် ပန်းချီဆရာကြီး ပျဲရ်-အိုဂတ်စ်တ် ရေးနွားရဲ့ စံအိမ်မှာ ၁၉၆၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့တာပါ။
ပြတိုက်မှာ ပြသထားတဲ့ စုဆောင်းမှုတွေထဲမှာ ဆရာကြီးရဲ့ ပန်းချီကား ၁၃ ကားအပြင် ရုပ်တု ၄၀ နီးပါး၊ ပရိဘောဂတွေနဲ့ ဓာတ်ပုံတွေ ပါဝင်ပါတယ်။
ဥရောပမှာ အနုပညာပစ္စည်း ခိုးယူသူတွေဟာ အကြမ်းဖက် လုယက်မှုတွေကို ပိုမိုကျူးလွန်လာကြပြီး အထူးပြုဖွဲ့စည်းထားတဲ့ ဂိုဏ်းတွေအစား ဆိုရှယ်မီဒီယာကနေတဆင့် စည်းရုံးထားတဲ့ အခွင့်အရေးမျှော် ကိုယ်ကျိုးရှာသမား အဖွဲ့အစည်းတွေနဲ့ အစားထိုးလာနေတယ်လို့ ဥရောပရဲတပ်ဖွဲ့က ပြီးခဲ့တဲ့လက ထုတ်ပြန်ထားပါတယ်။
Source: Reuters











