DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာကျော် ပြင်သစ်ပန်းချီဆရာကြီး ရယ်နွား၏ ပန်းချီကား ခိုးယူခဲ့သူများအား ဖမ်းဆီး
DVB
·
October 13, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာကျော် ပြင်သစ်ပန်းချီဆရာကြီး ဖြဲရ်-အောဂုစ်ထ် ရယ်နွားရဲ့ ပန်းချီကား ၂ ချပ် ခိုးယူခံရမှုမှာ သံသယရှိသူတယောက်ဟာ တခြားပြတိုက်တခုဆီ သွားရောက်ခဲ့တာကြောင့် နောက်ထပ် ခိုးယူမှု‌ ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူတွေကို မြန်မြန်ဆန်ဆန် ဖမ်းဆီးခဲ့ရတယ်လို့ မာဆေးမြို့ အစိုးရရှေ့နေ နိကိုလာ ဘေဆုန်းက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီလအစောပိုင်းမှာ သံသယရှိသူ ၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ထဲက အမျိုးသား ၄ ယောက်ကို စွဲချက်တင်ထားပါတယ်။

ခိုးယူမှုမှာ တိုက်ရိုက်ပါဝင်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသား ၂ ယောက်ကို အုပ်စုဖွဲ့ခိုးယူမှု အပါအဝင် တခြားပြစ်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

တတိယမြောက် အမျိုးသားကိုတော့ ခိုးရာပါ ပန်းချီကားတွေကို ဝှက်ထားပေးမှုနဲ့ စွဲချက်တင်ထားပြီး စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ အနုပညာလက်ရာတွေကို ဝယ်ယူဖို့ ဆက်သွယ်ခံရသူ စတုတ္ထမြောက် သံသယရှိသူကိုတော့ ခိုးရာပါလက်ခံမှု၊ ပြစ်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

ခိုးယူခံရတဲ့ ပန်းချီကားတွေဟာ ရယ်နွား ရေးဆွဲခဲ့တဲ့ “မဒမ် ကိုလွန်နာ ရိုမာနို” နဲ့ “ရေတွင်းနားက အမျိုးသမီး” တို့ ဖြစ်ကြပြီး ကာလတန်ဖိုး ယူရို ၄ ဒသမ ၂ သန်း တန်ကြေးရှိတယ်လို့ ဘေဆုန်းက ပြောပါတယ်။

အဲဒီခိုးယူမှုဟာ စက်တင်ဘာ ၈ ရက်က ပြင်သစ် ရီဗီယဲရာ ကမ်းခြေဒေသရှိ ကာန်း-ဆူရ်-မဲရ်မြို့က ရယ်နွားပြတိုက်မှာ ဖြစ်ပွားခဲ့တာပါ။

သူခိုးတွေဟာ ဥယျာဉ်ခြံစည်းရိုးကို အပေါက်ဖောက် ဝင်ရောက်ခဲ့ကြပြီး ပြတိုက်အတွင်းကို ပြတင်းပေါက်ကနေ ဝင်ရောက်ခဲ့ကြတာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

နောက်ပိုင်းမှာ နေအိမ်တအိမ်ရဲ့ နံရံတုတခု နောက်ကွယ်မှာ ဝှက်ထားတဲ့ အဲဒီပန်းချီကားတွေကို  ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပန်းချီကားနှစ်ချပ်လုံး ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး “မဒမ် ကိုလွန်နာ ရိုမာနို” ပန်းချီကားဟာ စုတ်ပြဲသွားခဲ့ပါတယ်။

ဒီအမှုမှာ ဒီအန်အေ အထောက်အထားတွေ၊ မိုဘိုင်းဖုန်း တည်နေရာပြ အချက်အလက်တွေနဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို အသုံးပြု စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး ခိုးယူခံရပြီး တလနီးပါးအကြာမှာ ပန်းချီကားတွေကို ပြန်လည်သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

သူခိုးတွေဟာ ရယ်နွားရဲ့ တခြားပန်းချီကားနှစ်ချပ်ဖြစ်တဲ့ “မဒမ် ပီရှောန်” နဲ့ ရယ်နွားရဲ့ သားငယ် ကလော့ဒ် အကြောင်း ရေးဆွဲထားတဲ့ “စာဖတ်နေတဲ့ ကိုကိုး” ပန်းချီကားတွေကိုပါ ခိုးယူဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။

ဒါပေမဲ့လည်း အခင်းဖြစ်ပွားရာကို ရဲတပ်ဖွဲ့ ရောက်ရှိလာတာကြောင့် အဲဒီပန်းချီကား ၂ ချပ်ကို ပြတိုက်ဥယျာဉ်ထဲမှာ စွန့်ပစ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013