
ကမ္ဘာကျော် ရက်ပ်အဆိုတော် အီမီနမ်ဟာ သူစုဆောင်းထားတဲ့ ဖိနပ် အရံ ၁၀၀ ကျော်ကို ပရဟိတရန်ပုံငွေအတွက် လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။
အီမီနမ် လက်မှတ်ထိုးထားတဲ့ ဖိနပ်ရောင်းရငွေအားလုံးကို Marshall Mathers ဖောင်ဒေးရှင်းဆီ လှူဒါန်းမှာဖြစ်ပါတယ်။
ဒက်ထရိုက်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်တွေကို ထောက်ပံ့ပေးဖို့ အီမီနမ်က သူစုဆောင်းထားတဲ့ ဖိနပ်တွေကို လေလံတင်မှာပါ။
Nike Jordan Adidas နဲ့ Puma စတဲ့ အမှတ်တံဆိပ်တွေရဲ့ ရှားပါးပြီး အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ဖိနပ်တွေကို လေလံတင်မှာဖြစ်ကာ လေလံပွဲကို ဂျူလီယံလေလံက တာဝန်ယူသွားမှာပါ။
ဂျူလီယံလေလံက ပေါ့ပ်ယာဉ်ကျေးမှု စပယ်ရှယ်လစ် မစ်ချ်ကာဘာက “အီမီနမ် တယောက်တည်း စုဆောင်းထားတဲ့ ဖိနပ်အရံ ၁၀၀ ကျော်ပါပါတယ်။ သူကိုယ်တိုင် လက်နဲ့ လက်မှတ်ရေးထိုးထားတာပါ။ ဒီလေလံကရတဲ့ငွေ အားလုံး လှူဒါန်းသွားမှာပါ” လို့ ပြောပါတယ်။
အီမီနမ်ရောင်းချမဲ့ ဖိနပ်တွေထဲမှာ ၂၀၂၂ ခုနှစ် Super Bowl halftime show မှာ သူဝတ်ဆင်ခဲ့တဲ့ Nike Air Jordan 3 “Slim Shady” ဖိနပ်လို ရှားပါးဖိနပ် ပါဝင်ပါတယ်။
ဒီဖိနပ်ကို ၄၅ ရံသာ ထုတ်ထားတာဖြစ်ပြီး အပြင်လူတွေဝယ်မရတဲ့ player exclusive sneaker အမျိုးအစားပဲ ဖြစ်ပါတယ်။
အီမီနမ်ရယ်၊ ကာဟတ်ရယ် Nike တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကမ္ဘာပေါ်မှာ ၁၀ ရံသာ ထုတ်ထားတဲ့ Air Jordan 4 လို ရှားပါးဖိနပ်လည်း ဒီလေလံမှာ ပါဝင်မှာပါ။
ဒီလေလံဟာ အီမီနမ် ပရိသတ်တွေနဲ့ ဖိနပ်စုဆောင်းသူတွေအတွက် အခွင့်အရေးဖြစ်တယ်လို့ လေလံကုမ္ပဏီက ဆိုပါတယ်။
အီမီနမ်ဟာ သူ့ရဲ့ နာမည်အရင်းဖြစ်တဲ့ Marshall Bruce Mathers III ကနေ Marshall Mathers ဆိုတဲ့ အမည်ကို ယူပြီး ၂၀၀၂ ခုနှစ်က ဖောင်ဒေးရှင်းထူထောင်ထားကာ သူမွေးဖွားရာ ဒက်ထရိုက်မြို့နဲ့ အနီးဝန်းကျင်က မပြည့်စုံတဲ့လူငယ်တွေ၊ ဘေးတွေ့နေသူတွေကို ကူညီဖို့ ရည်ရွယ်ပါတယ်။
Source: Reuters











