ဘန်တလေကားကုမ္ပဏီက ပထမဆုံး ရာနှုန်းပြည့်လျှပ်စစ်ကား Torcal SUV ကို စက်တင်ဘာ ၂၃ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။
ဒီကားထုတ်လုပ်ဖို့ အင်္ဂလန်နိုင်ငံ ချက်ရှားဒေသ၊ ခရူးမြို့က စက်ရုံကို ဗြိတိန်ပေါင် သန်း ၃၅၀ ရင်းနှီးမြှုပ်နှံပြီး အဆင့်မြှင့်ထားပါတယ်။
Torcal မှာ ၁၁၃ ကီလိုဝပ်နာရီ ဘက်ထရီပါပြီး တကြိမ်အားသွင်းရုံနဲ့ ကီလိုမီတာ ၆၀၀ အထိ မောင်းနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကီလိုဝပ် ၄၀၀ အားသွင်းစက်သုံးရင် ဘက်ထရီ ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မိနစ် ၂၀ မပြည့်ခင် အားသွင်းနိုင်ပါတယ်။
Torcal S မော်ဒယ်ကတော့ ဘန်တလေထုတ်လုပ်ဖူးသမျှထဲ စွမ်းအားအမြင့်ဆုံးနဲ့ အရှိန်တင်အမြန်ဆုံးကား ဖြစ်တယ်လို့ ဆိုပါတယ်။
ရပ်နေရာကနေ တနာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်ဖို့ ၂ ဒသမ ၈ စက္ကန့်ပဲ ကြာပါတယ်။ အမြင့်ဆုံးအမြန်နှုန်းကတော့ တနာရီ ၁၆၂ မိုင် ဖြစ်ပါတယ်။
ကုမ္ပဏီဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဖရန့်ခ်စတက်ဖန် ဝေါလီဇာက “Torcal SUV ဟာ ထုတ်လုပ်ဖူးသမျှ ဘန်တလေကားတွေထဲက အကောင်းဆုံးတစီး” ဖြစ်တယ်လို့ ပြောပါတယ်။
ဇိမ်ခံကားရဲ့ အရည်အသွေးနဲ့ လျှပ်စစ်နည်းပညာကို ပေါင်းစပ်ဖို့ ဒီဇိုင်းထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုက ခရူးမြို့က ရှိပြီးသားအလုပ်အကိုင် ၄,၀၀၀ ကို ဆက်ထိန်းထားနိုင်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ ဗြိတိန်စီးပွားရေးဝန်ကြီး ဂျိုနသန်ရေးနိုးလ်က ပြောပါတယ်။










