ဇိမ်ခံကားထုတ်လုပ်တဲ့ ဖာရာရီ (Ferrari) ကုမ္ပဏီဟာ ဒေါ်လာ ၆၄၀,၀၀၀ တန်ဖိုးရှိတဲ့ သူတို့ရဲ့ ပထမဆုံး ရာနှုန်းပြည့် လျှပ်စစ်ကားသစ် လူချေး (Luce) ကို မိတ်ဆက်လိုက်ပါတယ်။
အဲဒီကားဟာ ဖာရာရီရဲ့ ပထမဆုံး ခရီးသည် ၅ ယောက်စီးကားဖြစ်ပြီး ၂ ဒသမ ၅ စက္ကန့်အတွင်း တနာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်နိုင်ပါတယ်။
ဒီကားကို Apple ဒီဇိုင်းအကြီးအကဲဟောင်း ဂျွန်နီအိုက်ဗ်ရဲ့ LoveFrom အေဂျင်စီနဲ့ ပူးပေါင်းပြီး ဖန်တီးထားတာပါ။
အီတလီဘာသာနဲ့ အလင်းရောင်လို့ အဓိပ္ပာယ်ရတဲ့ ဒီကားကို ဖန်တီးဖို့ ၅ နှစ်ကြာ အချိန်ယူခဲ့ရတယ်လို့ အမှုဆောင်အရာရှိချုပ် ဘဲနီဒက်တို ဗစ်ညာက ပြောပါတယ်။
ကားရဲ့တန်ဖိုး မကျဆင်းစေဖို့ အစိတ်အပိုင်းအားလုံးကိုလည်း ကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်ထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ ဒီကားကို “အမှိုက်ပုံထဲ တန်းပစ်ရမဲ့ကား” လို့ ဝေဖန်တာတွေရှိသလို “ဒီဇိုင်းပိုင်းမှာ ပြောင်မြောက်လွန်းတယ်” ဆိုပြီး ချီးကျူးတာတွေလည်း ရှိနေပါတယ်။
ဒီလိုဝေဖန်မှုတွေဟာ တီထွင်ဆန်းသစ်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး နောက်ပိုင်းမှာ လူတွေ သဘောကျလာလိမ့်မယ်လို့ ဒီဇိုင်းအရာရှိချုပ် ဖလာဗီယို မန်ဇိုနီက ရှင်းပြပါတယ်။
လက်ရှိမှာ ဝယ်လိုအားကျဆင်းတာနဲ့ တရုတ်ကားတွေရဲ့ ယှဉ်ပြိုင်မှုကြောင့် လမ်ဘော်ဂီနီ (Lamborghini) နဲ့ ပေါ်ရှေး (Porsche) တို့က သူတို့ရဲ့ လျှပ်စစ်ကားအစီအစဉ်တွေကို လျှော့ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လျှပ်စစ်ကားအတွက် ခံစားခွင့်တွေ ဖြတ်တောက်လိုက်လို့လည်း ကားကုမ္ပဏီ အများစုက ဓာတ်ဆီကားတွေကိုပဲ ပိုအားထားလာကြပါတယ်။
တကမ္ဘာလုံး ငွေကြေးဖောင်းပွမှုကြောင့် ဇိမ်ခံကားဝယ်လိုအား ကျဆင်းလာချိန်မှာ ဖာရာရီရဲ့ ရှယ်ယာတွေဟာလည်း ပြီးခဲ့တဲ့နှစ်က ၂၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ပါတယ်။
Source: Reuters










