
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက် စက်ဘီးနဲ့အတူ ချောက်ထဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဂယောင်ဂီပြည်နယ်၊ အန်ဆောင်မြို့က စက်ရုံမှာ လုပ်ကိုင်နေတဲ့ ကိုချစ်ကိုဝင်း ဟာ သြဂုတ် ၁၄ ရက်က အလုပ်လာမဆင်းတဲ့အတွက် လိုက်လံရှာဖွေခဲ့ကြရာ စက်ရုံအနီးမှာရှိတဲ့ ချောက်ထဲ စက်ဘီးမှောက် သေဆုံးနေတာ တွေ့ရတာလို့ ဆိုပါတယ်။
ကိုချစ်ကိုဝင်း ဟာ သြဂုတ် ၁၃ ရက်ညက သူငယ်ချင်းတယောက်ရဲ့အခန်းကနေ စက်ဘီးစီးပြန်လာပြီး ချောက်ထဲကျ သေဆုံးရတာလို့ ရဲစစ်ချက်တွေအရ သိရကြောင်း တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က အသိပေးထားပါတယ်။
ကိုဇော်မိုးအောင်က ‘အလုပ်ရှင်က ရဲစခန်းအကြောင်းကြားခဲ့ရာ ရဲဝန်ထမ်းများက စစ်ဆေးပြီး အလောင်းကို အအေးတိုက်သို့ ပို့ဆောင်ပေးလိုက်ပါသည်။ ရဲခွင့်ပြုချက်ရရှိပါက ကိုချစ်ကိုဝင်း နာရေးအစီအစဉ်ကို ထပ်မံကြေငြာပေးပါမယ်’ လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
ကိုချစ်ကိုဝင်း ဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ရောက်ရှိလုပ်ကိုင်နေသူဖြစ်ပြီး မိဘနှစ်ယောက်ကို ပံ့ပိုးပေးနေသူ ဖြစ်တယ်လို့ သူနဲ့ရင်းနှီးသူတွေဆီက သိရပါတယ်။











