
မလေးရှားလေယာဉ်မှူးတယောက်ဟာ ကွာလာလမ်ပူမြို့တော်ကနေ လေယာဉ်နဲ့ ရောက်လာပြီး ဂျာကာတာမြို့ဆီ MDMA မူးယစ်ဆေး ၂၆ ကီလိုဂရမ် မှောင်ခိုသွင်းဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့အပတ်က စွပ်စွဲခံရပြီးတဲ့နောက် အဖမ်းခံခဲ့ရတယ်လို့ အင်ဒိုနီးရှားအကောက်ခွန်ဌာနက သြဂုတ် ၃ ရက်မှာ ပြောပါတယ်။
အကောက်ခွန်ဌာနက သူ့အိတ်တွေကို မစစ်ဆေးမီ လေယာဉ်မှူးက အိတ်တလုံးကို ကောက်ယူပြီး သွားလာနေတာကို ဆူကာနိုဟတ်တာလေဆိပ်ရဲ့ အကောက်ခွန်နဲ့ ယစ်မျိုးဌာန အထွေထွေ ညွှန်ကြားရေးမှူးရုံးက ရိုက်ကူးထားတဲ့ စောင့်ကြည့် ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အသက် ၃၉ နှစ်အရွယ် အမျိုးသားရဲ့ နာမည်ကို MS အတိုကောက်နဲ့ ဖော်ထုတ်ထားပြီး မလေးရှား မြို့တော်ကနေ မလေးရှားလေကြောင်းလိုင်း လေယာဉ်နဲ့ မောင်းနှင်လာခဲ့တာလို့ အကောက်ခွန် အရာရှိတွေက ပြောပါတယ်။
လေယာဉ်မှူးကို ဆီးစစ်အပြီး ကိုကင်းနဲ့ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးတွေ သုံးထားခဲ့တာ တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှား အာဏာပိုင်တွေက အမှုနဲ့ပတ်သက်ပြီး ဆက်သွယ်နေတယ်လို့ ထပ်ပြော ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ် ဆေးဝါးဥပဒေတွေကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားတာပါ။ ၂၀၁၅ ခုနှစ်တုန်းက ဘာလီအပန်းဖြေကျွန်းမှာ ဘိန်းဖြူတွေ မှောင်ခိုသွင်းဖို့ကြိုးစားမှုနဲ့ ဘာလီနိုင်း မူးယစ်ဆေးဝါးဂိုဏ်းက ဩစတြေးလျနိုင်ငံသား ၂ ယောက်ကို ကွပ်မျက်ခဲ့ဖူးပါတယ်။
Source:Reuters










