
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အိမ်ခြေယာမဲ့တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဝင်ငွေနည်းပါးသူတွေ အတွက် Food Not Bombs CNX အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ အစားအစာ၊ အဝတ်အထည်နဲ့ အခြေခံလိုအပ်ချက်တွေကို မေ ၁၀ ရက်က အခမဲ့ ဝေငှခဲ့ကြပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒီလို လိုက်လံဝေငှကြတာဖြစ်ပြီး ဒီလို ကူညီပေးတဲ့ လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံးကာလကစပြီး စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကပ်ရောဂါကာလမှာ ခရီးသွားလုပ်ငန်းအပေါ် အဓိကမှီခိုနေရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုကြောင့် အခြေခံလူတန်းစား အများအပြား ပြင်းထန်တဲ့ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
Food Not Bombs CNX ကို တည်ထောင်သူတယောက်ဖြစ်တဲ့ ဂျွန်မာရီက “လူတွေရဲ့ လက်ငင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီတုန်းက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခြေအနေနဲ့ ခရီးသွားတွေ မရှိတော့တဲ့အတွက် လူတွေ ဒုက္ခရောက်နေကြရတဲ့ သတင်းတွေကို အများကြီး ကြားခဲ့ရပါတယ်” လို့ DVB ကို ပြောပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ စေတနာ့ဝန်ထမ်း ၁၀ ယောက်ကနေ အယောက် ၂၀ လောက် ပါဝင်တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဟာ လှူဒါန်းထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ရိက္ခာတွေကို စုစည်းပြီးတော့ အတူတကွ ချက်ပြုတ်ကြတာပါ။
သူတို့ဟာ သီတင်းတပတ်စာကို အစားအစာအထုပ် ၁၀၀ ကျော်အပြင် လှူဒါန်းထားတဲ့ အဝတ်အထည်၊ ခြင်ပြေးဆေး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ တခြားအခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို ပုံမှန်ဝေငှပေးနေပါတယ်။
အစားအစာဝေငှခြင်း၊ အပြန်အလှန်ကူညီခြင်းနဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အလေးထားတဲ့ နိုင်ငံတကာ Food Not Bombs လှုပ်ရှားမှုရဲ့ လွတ်လပ်တဲ့ အဖွဲ့ခွဲတခုအနေနဲ့ ချင်းမိုင်အဖွဲ့ဟာ ဒေသတွင်း အလှူငွေတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုအပေါ်မှာပဲ လုံးဝရပ်တည်နေတာပါ။
ဦးဆောင်စီစဉ်သူတွေဟာ ဒီအပတ်စဉ်ကူညီတဲ့ လှုပ်ရှားမှုကတော့ ရိုးရိုး အလှူဒါနလုပ်ခြင်း ဆိုတာထက် လူမှုအသိုက်အဝန်းတွင်းမှာ စည်းလုံးရိုင်းပင်းကူညီမှုကို တည်ဆောက်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။
မာရီက “ခင်ဗျားတို့ရဲ့ အိမ်ခြေမဲ့ အိမ်နီးချင်းတွေဟာလည်း ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေပါပဲ။ ဘဝတွေကို ပိုမိုလွယ်ကူကောင်းမွန်လာစေဖို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့အတူ လက်တွဲ လုပ်ဆောင်သင့်ပါတယ်” လို့ ပြောပါတယ်။
ကပ်ရောဂါအပြီးမှာတော့ ချင်းမိုင်ရဲ့ ခရီးသွားစီးပွားရေးဟာ သိသိသာသာ ပြန်လည်ဦးမော့လာခဲ့ပေမဲ့လည်း အကူအညီလိုအပ်နေတဲ့သူတွေ ဆက်လက်ရှိနေဆဲဖြစ်သလို လတ်တလောမှာ အကူအညီလိုအပ်နေသူတွေ ပိုများလာတယ်လို့လည်း မာရီက ဆိုပါတယ်။
ဂျွန်မာရီရဲ့ ပြောပြချက်အရ ချင်းမိုင်ဟာ နာမည်ကြီး ခရီးသွားမြို့တော်ဖြစ်တာကြောင့် အာဏာပိုင်တွေက မြို့ကို အမြင်လှစေဖို့နဲ့ လူမှုရေးပြဿနာတွေကို ဖုံးကွယ်ထားဖို့အတွက် လမ်းဘေးမှာ နေထိုင်သူတွေကို အစားအသောက်ဝေငှလေ့ရှိတဲ့ နေရာတွေကနေ ဖယ်ရှားရှင်းလင်းတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ရဲတွေက အိမ်ခြေမဲ့တွေကို ဝိုင်းဖမ်းပြီး လမ်းပေါ်ကနေ ဖယ်ရှားနေတာကို ကျနော် မြင်ခဲ့ရပါတယ်။ ဒါဟာ မြို့ကို အမြင်တင့်တယ်အောင်လုပ်ပြီး ဒီမှာ ဘာလူမှုရေးပြဿနာမှ မရှိသယောင် ဟန်ဆောင်ချင်လို့ လုပ်တာလို့ ကျနော် ထင်ပါတယ်” လို့ ဂျွန်မာရီက DVB ကို ပြောပါတယ်။
Photo: စောမင်းသိန်း-DVB










