
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၁ ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးက လူငယ်တယောက် ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုမှာ စက်တင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးခံရတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၆ ယောက်အထိ ရှိလာတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လူသတ် အလောင်းဖျောက်မှုနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ နဲ့ ရာအိမ်မှူး ဦးအေးနိုင် ကို ဖမ်းဆီးပြီးနောက်ပိုင်း ကိုနီတွတ် အပါအဝင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၄ ယောက် ထပ်မံဖမ်းဆီးခံရတာလို့ ရပ်ကွက်နေသူ တယောက်က DVB ကို ပြောပါတယ်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို အရင်ဖမ်းတယ်။ သူတို့ ၂ ယောက် ဖော်ချက်နဲ့ နောက်ထပ် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၄ ယောက် အဖမ်းခံရတယ်။ တချို့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက ထွက်ပြေးနေတယ်။”
စက်တင်ဘာ ၁ ရက် ည ၁၀ နာရီက လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၁ ရပ်ကွက် ပိတောက် ၁ လမ်းမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဂျေမောင်မောင် (ခ) အငယ်လေး ဆိုသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲ့အဖွဲ့က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့လို့ ရာအိမ်မှူး တယောက်က DVB ကို ရှင်းပြပါတယ်။
“၁ ရပ်ကွက်ဖြစ်စဥ်က ၈ ရပ်ကွက်ဖြစ်စဥ်ထက် စောတယ်၊ အဲဒီအမှုကို အုပ်ချုပ်ရေးအဖွဲ့က အောက်ခြေမှာ လိုက်ဖုံးနေတာ။ အဲဒီအချိန် သတ်တဲ့အထဲပါမှာတဲ့ ရာအိမ်မှူးက အုပ်ချုပ်ရေးမှူးနဲ့ စကားများပြီး အသတ်ခံရတဲ့ ကောင်လေးရဲ့ မိသားစုတွေ ပြောပြီး သူပါ အဖမ်းခံလိုက်တာ။”
ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ မောင်ဂျေမောင်မောင်ရဲ့ အလောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲအဖွဲ့က ရှမ်းချောင်းကျေးရွာ ကမ်းပတ်တာလမ်းတွင် သွားရောက်လွှင့်ပစ်ကာ ရုံးအတွင်း CCTV မှတ်တမ်းတွေကို ဖျက်ပစ်ပြီးနောက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
လှိုင်သာယာအရှေ့ပိုင်းမြိုနယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကြံ့ခိုင်ရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက ကာကွယ်ပေးထားလို့ အရေးယူခံရသူ နည်းတယ်လို့ မြို့မိမြို့ဖတယောက်က DVB ကိုပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက အရင်က ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တာဆိုတော့ အုပ်ချုပ်ရေးမှူးတွေကို တိုင်ရင် မြို့နယ်နဲ့ခရိုင်က စစ်ဆေးရေးအဖွဲ့တွေကို လိုက်ပေးတယ်။ ငွေအားနဲ့ လည်း ဖိလိုက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့အုပ်ချုပ်ရေးက အဲဒီလိုလုပ်နေတော့ တိုင်လည်း အလကားပဲဆိုပြီး ကြာတော့ ဘယ်သူမှ မတိုင်ရဲတော့ဘူး။”
လတ်တလောမှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်းက ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ ရာအိမ်မှူး ဦးအေးနိုင် အပါအဝင် ၆ ယောက်ကို (ပ)၁၀၇၄/၂၀၂၆၊ ပုဒ်မ ၃၀၂၊၃၆၅/၃၀၄/၂၀၁/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
စက်တင်ဘာ ၈ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၈ ရပ်ကွက်မှာ လူငယ်တယောက်ကို ၅ ရက်ကြာ ရပ်ကွက်ရုံးအတွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင် အပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၈ ယောက် အဖမ်းခံရပါတယ်။
အလားတူ ဇူလိုင် ၂၇ ရက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ မောင်ဝေလင်းထွန်း ကို ဖမ်းဆီးပြီး ရုံးအတွင်း ချုပ်နှောင် ရိုက်နှက်ခဲ့တဲ့ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကြိုင် လည်း အခုချိန်ထိ စစ်ဆေးခံနေရပါတယ်။
Photo: DVB











