
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲရဲ့ Esports MLBB (Mobile Legends: Bang Bang) ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Zanaka အသင်းက နိုင်ငံ အတွက် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်က တိုခိုနာမဲမြို့ရှိ Aichi Sky Expo မှာ ကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာနိုင်ငံရဲ့ Team Zanaka MLBB က အင်ဒိုနီးရှားအသင်းကို ၄-၀ ရလဒ်နဲ့ ရှုံးပွဲမရှိ အပြတ်အသတ်အနိုင်ယူပြီး ရွှေတံဆိပ်ဆု ရရှိသွားတာပါ။
ဒီဆုဟာ မြန်မာ့ Esports သမိုင်းတလျှောက် ပထမဦးဆုံး ရရှိခဲ့တဲ့ အာရှအဆင့် မြင့်မားတဲ့ အောင်မြင်မှုတရပ်အဖြစ် အခိုင်အမာ မှတ်တမ်းဝင်သွားခဲ့ပြီး ဒီအောင်မြင်မှုဟာ Zanaka အသင်းရဲ့ အားထုတ်မှုသာမက မြန်မာ့ Esports ကဏ္ဍတခုလုံးရဲ့ အရေးပါတဲ့ တိုးတက်မှု မှတ်တိုင်တခုလည်း တယ်လို့ မြန်မာနိုင်ငံ Esports အဖွဲ့ချုပ်က ချီးကျူးဂုဏ်ပြုထုတ်ပြန်ထားပါတယ်။
ဒီရွှေတံဆိပ်ဆုဟာ လက်ရှိ မျိုးဆက်အတွက် ဂုဏ်ယူဖွယ်ဖြစ်စေရုံသာမက နောင်လာမဲ့ မြန်မာ့ Esports မျိုးဆက်သစ်တွေအတွက်ပါ နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာ့အလံကို ဆက်လက် လွှင့်ထူနိုင်ဖို့ ကြီးမားတဲ့ အားအင်နဲ့ စိတ်ဓာတ်ခွန်အားတွေကို ရရှိစေမယ်လို့လည်း ဆိုပါတယ်။
Zanaka အသင်းကလည်း အခုလို ရွှေတံဆိပ်ဆုရတဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်း အသင်းရဲ့ လူမှု ကွန်ရက်မှာ ရေးသားထားပါတယ်။
“မြန်မာနိုင်ငံအလံ လွင့်ပျံပြီး နိုင်ငံတော်သီချင်းသံ ပျံ့လွင့်နေတဲ့အချိန်မှာ ကျနော်တို့ရင်ထဲ ဂုဏ်ယူမှု တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီအောင်မြင်မှုရဖို့ အတူတကွကြိုးစားခဲ့ကြတဲ့ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ အစကနေအဆုံးထိ အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီရွှေတံဆိပ်ဟာ ကျနော်တို့ရဲ့ ကြိုးစားမှုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာပါ။ ဒီအောင်မြင်မှုကို မြန်မာနိုင်ငံအတွက် ရည်ရွယ်ပါတယ်။”
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲရဲ့ တက်ဂ်ဘောကစားနည်း ပြိုင်ပွဲမှာလည်း မြန်မာအသင်းက ပထမဆုံး ရွှေတံဆိပ်ဆု တဆု ရရှိထားပါတယ်။










