
မြန်မာနိုင်ငံမှာ အရင်းအမြစ် နည်းပါးလာမှုနဲ့အတူ အခက်အခဲ ရိုက်ခတ်မှုပေါင်းစုံ ရင်ဆိုင်နေရလို့ ဆင်းရဲမွဲတေမှု အခြေအနေ ပိုမိုနက်ရှိုင်း ဆိုးဝါးလာတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက လူ ၃ ယောက်မှာ ၂ ယောက်ထက်ပိုတဲ့ ပမာဏ ဒါမှမဟုတ် လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၃၇ သန်းကျော်ဟာ အကျပ်အတည်းတွေ ကြုံတွေ့နေရတယ်လို့ “ဆင်းရဲနွမ်းပါးမှု ဇာစ်မြစ်အလွှာများ” - မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုလို့ နာမည်ပေးထားတဲ့ UNDP အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၂ ဒသမ ၆ ရာခိုင်နှုန်း (ခန့်မှန်းခြေအားဖြင့် ၁၇ ဒသမ ၉ သန်း) ဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး နောက်ထပ် ၁၉ ဒသမ ၅ သန်းမှာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု အန္တရာယ် ကျရောက်လွယ်သော အခြေအနေမှာ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ၊ စစ်ဘေးရှောင်စခန်း စွန့်ခွာရမှုနဲ့၊ စီးပွားရေး ပျက်ယွင်းမှုတွေ၊ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့် လူသန်းပေါင်းများစွာ အတွက် နေအိမ်ခိုလှုံရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ တပြိုင်နက်တည်း ပြိုလဲသွားဖို့ ဦးတည်သွားစေခဲ့တာလို့ ကုလသမဂ္ဂအေဂျင်စီက ဆိုပါတယ်။
UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိဂ်နာရာဂျာက “မြန်မာနိုင်ငံဟာ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ ထိပ်ဆုံးက ပါဝင်ချင်မှ ပါဝင်တော့မှာ ဖြစ်ပေမဲ့ လူသန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ ဆက်လက် နက်ရှိုင်းနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ မြန်မာပြည်သူတွေ ကြုံတွေ့နေတဲ့ ပြဿနာပေါင်းစုံကို ကုလသမဂ္ဂက ဆက်လက် ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ မက်ခရိုစီးပွားရေး မတည်ငြိမ်မှုတွေ၊ ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေအပြင် မတ်လ ၂၀၂၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင် စစ်ကိုင်းငလျင်ကြီးဒဏ် နောက်ဆက်တွဲ ထိခိုက်မှုတွေကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုပါ တဖြည်းဖြည်း ပြုန်းတီးစေနေတဲ့ ဆင်းရဲမွဲတေမှုရဲ့ အနက်ရှိုင်းဆုံး အခြေအနေကို မြင်တွေ့နေရပါတယ်။ ဒါဟာ ဘယ်သူမှမနိုင်တဲ့ စစ်ပွဲပါ။ လူတိုင်း ဆုံးရှုံးနေကြရတာပါ။ နိုင်ငံရဲ့ ပင်မမဏ္ဍိုင်ဟာ စနစ်တကျ ပြုန်းတီး ပျက်စီးနေပါတယ်” လို့ ဝိဂ်နာရာဂျာက ပြောပါတယ်။
အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တော်တဲ့အိမ်ရာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
အစီရင်ခံစာအရ ဆင်းရဲမွဲတေမှုဟာ မြန်မာနိုင်ငံတဝန်း နေရာဒေသအလိုက် ကွဲပြားခြားနားပြီး တချို့ဒေသတွေမှာ ပဋိပက္ခ၊ စစ်ဘေးရှောင်ရမှုနဲ့ ဝန်ဆောင်မှုရရှိနိုင်မှု ကန့်သတ်ချက်တွေ ဖြစ်နေပြီး တချို့ဒေသမှာ အသက်မွေးဝမ်းကျောင်း၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေမှာ ကာလရှည်ကြာ လိုအပ်ချက်တွေ ရှိနေတာက အဓိကစိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်နယ်ဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဒေသတွေအနက် အပါအဝင်ဖြစ်ပြီး လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး ၃ ပုံ ၁ ပုံ လောက်မှာ အလွန်အမင်း ဆင်းရဲနွမ်းပါးနေပါတယ်။
ဆင်းရဲမွဲတေမှုဟာ ကျေးလက်ဒေသတွေမှာ အဓိကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်အများအပြားထက် ဆင်းရဲမွဲတေမှုနှုန်း နည်းပါးပေမဲ့ မြို့ပေါ်နဲ့ မြို့ပြနီးစပ်ရာ အိမ်ထောင်စုတွေရဲ့ ထိခိုက်လွယ်မှု ပိုမိုနက်ရှိုင်းလာတာကို ရောင်ပြန်ဟပ်နေပြီး ဘက်ပေါင်းစုံ ဆင်းရဲမွဲတေသူတွေ အများဆုံး စုဝေးရာ ဒေသတခုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၅ စုမှာ တစုလောက်ဟာ ရေကြီးမှု၊ မုန်တိုင်းကျရောက်မှု၊ မိုးခေါင်မှုနဲ့ မြေပြိုမှုလို ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရချိန်မှာ ဒီအစီရင်ခံစာ ထွက်ရှိလာတာဖြစ်ပြီး လက်ရှိ အယ်လ်နီညို ရာသီဥတုရဲ့ ရိုက်ခတ်မှုတွေ ပိုမိုပြင်းထန်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းအထိ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၆၀၀,၀၀၀ လောက် ထိခိုက်ခံစားခဲ့ရကြောင်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပြီး အီရန်စစ်ပွဲ ဂယက် ပင်လယ်ကွေ့ဒေသ အကျပ်အတည်းကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အစားအသောက် စရိတ်တွေ တိုးမြင့်လာမှုလို ပြင်ပစီးပွားရေး ရိုက်ခတ်မှုတွေကြောင့်လည်း မြန်မာပြည်သူတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတယ်လို့ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ကျဉ်းမြောင်းလာတာနဲ့အမျှ လူငယ်အများအပြားဟာ ပညာရေး၊ အလုပ်အကိုင်၊ ရွှေ့ပြောင်းသွားလာမှုနဲ့ သူတို့ရဲ့ အနာဂတ်တို့အတွက် ရွေးချယ်စရာ နည်းပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း၊ ၂၀၂၁ ခုနှစ်ကစပြီး လူငယ် အနည်းဆုံး ၁ သန်းလောက် မြန်မာနိုင်ငံမှ ထွက်ခွာသွားဖွယ်ရှိပြီး မြန်မာ့သမိုင်းမှာ လူသားအရင်းအမြစ် အများဆုံး ဆုံးရှုံးမှုတွေထဲက တခုဖြစ်တယ်လို့ UNDP က ပြောကြားပါတယ်။
ဝိဂ်နာရာဂျာက “မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ်ဟာ ဒီနေ့ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာတာ တခုတည်းတင် မဟုတ်ဘဲ မနက်ဖြန်အတွက် အခွင့်အလမ်းတွေ ကျဉ်းမြောင်းလာတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေးဟာ ပဋိပက္ခ ပြီးဆုံးချိန်အထိ စောင့်ဆိုင်းလို့မရဘဲ အသက်မွေးဝမ်းကျောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ဈေးကွက်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ နာလန်ထူဖို့နဲ့ အနာဂတ်အတွက် မရှိမဖြစ် အရေးပါနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက အကြံပြုထားပါတယ်။











