
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ဘေးသင့်နိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့မှာ အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်စေရေး ဖြစ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အောက်တိုဘာ ၈ ရက်မနက်က တွေ့ပြီးတဲ့နောက် ခုလိုပြောလိုက်တာပါ။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အတုအယောင် ရွေးကောက်ပွဲလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြတဲ့ ရွေးကောက်ပွဲအပြီး ဧပြီလမှာ သမ္မတ လုပ်ပြီးနောက် နိုင်ငံတကာရဲ့ တရားဝင်မှုကိုရဖို့ ကြိုးစားရင်း မလေးရှားနိုင်ငံဆီ ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဆက်ရှိနေတယ်လို့ ဝန်ခံခဲ့ပေမဲ့ ကွဲပြားမှုတွေကို လေးစားရမယ်လို့ ပြောခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိကြောင်း ပြခဲ့တယ်လို့လည်း အန်ဝါက ဖြည့်စွက်ပြောခဲ့ပါတယ်။
မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၁၀,၄၉၃ ယောက်ကို ပြန်လက်ခံခဲ့တဲ့အတွက် မင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်လို့လည်း အန်ဝါက ပြောခဲ့ပါတယ်။
မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆီက ဒုက္ခသည်တွေကို လက်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး သူတို့ဟာ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနဲ့ လုံခြုံရေးအန္တရာယ်တခု ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပြန်လာရသူတွေဟာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပေါ်ပေါက်လာတဲ့ ပြင်းထန်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေကို ဆန့်ကျင်ရင်း ပြီးခဲ့တဲ့လက မြန်မာရေတပ်သင်္ဘောတွေနဲ့ လူ ၁,၅၀၀ လောက်ကို မလေးရှားအစိုးရက မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။
သမ္မတဖြစ်လာပြီးတဲ့နောက် မင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကို သွားရောက်ခဲ့ပါတယ်။
Source: Reuters











