ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲဖို့ အီရန်က ဖွဲ့စည်းထားတဲ့ ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA) က သူတို့သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းတွေရဲ့ ပြင်ပကနေ ဖြတ်သန်းသွားလာတဲ့ ဘယ်သင်္ဘောကိုမဆို လုံခြုံဘေးကင်းစွာ ဖြတ်သန်းခွင့်ရမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ဇွန် ၂၅ ရက်မှာ လူမှုကွန်ရက် X ကနေ သတိပေးပို့စ် တင်လိုက်ပါတယ်။
ဒါ့အပြင် အဲဒီလို ခွင့်မပြုထားတဲ့ လမ်းကြောင်းတွေကို သုံးရင် အာမခံကြေး ခံစားခွင့်နဲ့ ဆက်စပ်တာဝန်ယူမှုတွေ ရရှိမှာမဟုတ်ဘဲ ဖြစ်လာမဲ့ နောက်ဆက်တွဲ အကျိုးဆက်မှန်သမျှကို သင်္ဘောပိုင်ရှင်၊ လုပ်ငန်းလုပ်ကိုင်သူနဲ့ သင်္ဘောကပ္ပတိန်တို့ကပဲ တာဝန်ယူရမယ်လို့လည်း ထည့်သွင်း ပြောဆိုထားပါတယ်။
ဒီသတိပေးချက်ဟာ အိုမန်နိုင်ငံအနီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘောတစီး တိုက်ခိုက်ခံရပုံရကြောင်း ဗြိတိန်ရေကြောင်းအေဂျင်စီ UKMTO က သတင်းထုတ်ပြန်ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။
အမေရိကန်အာဏာပိုင်တွေကတော့ အဲဒီသင်္ဘောကို အီရန်က ပစ်ခတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနကို ပြောထားပေမဲ့ အီရန်ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်ချင်ရင် အီရန်က သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းတွေအတိုင်းပဲ သွားရမှာဖြစ်ပြီး လိုက်နာမှုမရှိတဲ့ သင်္ဘောတွေကို အရေးယူသွားမယ်လို့ ကြာသပတေးနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters










