
စပိန်နိုင်ငံမြောက်ပိုင်း၊ ဇာရာဂိုဇာနားက အန်ကတ်တီလိုမှာ ဇူလိုင် ၁၆ ရက်က တောမီး လောင်ကျွမ်းမှုတွေကို မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်နေရကာ ဒေသခံ ၆၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပါတယ်။
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း အမ်ပိုဒါဒေသမှာလည်း ဇူလိုင် ၃ ရက်တုန်းက ကြီးမားတဲ့ မီးခိုးလုံးကြီးတွေတက်ပြီး တောမီးလောင်ကျွမ်းခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက အာဏာပိုင်တွေက လမ်းတွေ အရေးပေါ်ပိတ်ပြီး မီးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒေသခံတွေကိုလည်း အရေးပေါ်အဖွဲ့တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
စပိန်နိုင်ငံ မြောက်ပိုင်းမှာတော့ တောမီးက လက်ဂါဗာရက်ဒေသကို ပျံ့နှံ့ခဲ့ပြီး မီးလောင်မှု ကြီးမားခဲ့ပါတယ်။
တောမီးဟာ ဟက်တာ ၂,၃၇၀ လောက် လောင်ကျွမ်းခဲ့တယ်လို့ စပိန်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
တောမီးဟာ ဒေသခံတွေနေထိုင်တဲ့ ဝန်းကျင်အထိ ရောက်လာခဲ့ပြီး ပန်းခြံတွေ၊ အိမ်တွေ၊ ခြံစည်းရိုးတွေကို မီးကူးစက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ စပိန်တောင်ပိုင်းမှာလောင်တဲ့ တောမီးကြောင့် သေဆုံးသူ ၁၂ ယောက်အထိ ရှိခဲ့ပြီး ၂၁ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
စပိန်နိုင်ငံမှာ အဲဒီတောမီးကို မီးသတ်သမား ၁၅၀ နဲ့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒီနှစ်နွေရာသီမှာ စပိန်နဲ့ ဥရောပတောင်ပိုင်းက အပူချိန်လွန်ကဲမှုကြောင့် တောမီး လောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်တို့မှာလည်း တောမီးလောင်မှု ၁၉ ခု ရှိခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ ဥရောပတိုက်မှာ အပူလှိုင်းဖြတ်မှုနဲ့အတူ တောမီးလောင်ကျွမ်းမှုတွေလည်း များလာတာပါ။ ဥရောပအနောက်ပိုင်းရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၉ ဒသမ ၄ ဒီဂရီဆဲလ်စီးယက်အထိ ရှိပြီး ၁၉၆၁-၁၉၉၀ နှစ်တွေကထက် ၆ ဒသမ ၃ ဒီဂရီ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် ဥရောပမှာ ဘယ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတို့က အပူချိန်ဟာ ပုံမှန်ထက် ၉ ဒီဂရီကျော် မြင့်တက်ပြီး စံချိန်တင် အပူဆုံးအချိန်ကို ရောက်ခဲ့ပါတယ်။










