
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်မှာ ဩဂုတ် ၁၁ ရက် ည ၇ နာရီက လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံ ရာအိမ်မှူးတယောက်ကို စစ်မှုထမ်းပြီးပြန်လာတဲ့ လူငယ်တယောက်က ဓားနဲ့ထိုးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မနေ့ည ၇ နာရီက ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ဦးနိုင်ဝင်းကို လူငယ်တယောက်က ဓားနဲ့ထိုးခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
"စစ်မှုထမ်း အပတ်စဉ် ၂ မှာ မသေလို့ အိမ်ပြန်လာခွင့်ရတဲ့သူက ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ထဲထည့်လိုက်တဲ့ ရာအိမ်မှူးကို ဓားနဲ့ လာထိုးတာ။ နေရာအနှံ့ပဲ၊ သေဖို့များတယ်။ ဓားနဲ့ထိုးသွားတဲ့ ကောင်လေးကိုလည်း ရဲတွေက ညတွင်းချင်း မိသွားတယ်။”
ဒဏ်ရာရရှိတဲ့ ရာအိမ်မှူး ဦးနိုင်ဝင်းကို စစ်အာဏာရှင်တပ်က မန္တလေးဆေးရုံကြီး ပို့ဆောင်ထားပြီး ဆေးကုသပေးနေပါတယ်။
ပြီးခဲ့တဲ့ မေလက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်တာ ၂ နှစ်ပြည့်သွားတဲ့ အပတ်စဉ် ၂ မှ လူငယ်တွေကို အိမ်ပြန်ခွင့်ပေးခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ဓားနဲ့ထိုးသွားတဲ့ ကောင်လေးက ၅ လပိုင်းကမှ စစ်မှုထမ်း ၂ နှစ်ပြည့်လို့ အိမ်ပြန်ရောက်တာ။ ဘယ်သူမှားတယ်၊ မှန်တယ် မသိပေမဲ့ သူလည်း သူ့နာကြည်းချက်ကြောင့် အခုလိုလုပ်တာဖြစ်မယ်။”
လက်ရှိမှာ ပြစ်မှုကျူးလွန်တဲ့ အဆိုပါလူငယ်ကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၈ နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်အာဏာရှင်မှာ ပြန်လည်အသက်သွင်း ကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆိုရင် စစ်မှုထမ်း အပတ်စဉ် ၂၈ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။











