
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီလောက်က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင်က ဒေသခံတွေနဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
စစ်ကြောင်းဟာ ချောင်းမကျေးရွာမှတဆင့် မုံရွာ-ယာကြီး-ကလေး လမ်းအတိုင်း ဩဂုတ် ၂၄ ရက်က စတင်ကာ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ရွာသားတွေ စစ်ဘေးရှောင်နေကြရပါတယ်။
ပေါက်အင်းမြိုင် ဒေသခံတယောက်က "အင်းပေါ်လို့ ခေါ်တဲ့ ပေါက်အင်းမြိုင် ကားလမ်းဘေး ဝဲယာက ပြည်သူတွေ စစ်ရှောင်နေကြရတာပါ။ စစ်ရှောင်ဦးရေကတော့ အတိအကျ မပြောနိုင်ပေမဲ့ အတော်လေး များပါတယ်။ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း ခိုးယူတာတွေ လုပ်ကြတယ်။ ခိုးယူခံရတဲ့ ပစ္စည်းတွေက တန်ဖိုးရှိတဲ့ ရွှေ၊ ငွေအပြင် ဆိုလာပြားတွေ၊ ဘက်ထရီအိုးတွေပါ ခိုးယူနေကြတာပါ။ ဒီနေ့ ဩဂုတ် ၃၀ ရက်နေ့ ညနေမှာ သင့်ဝင်ရွာအနီး တိုက်ပွဲဖြစ်သံ ကြားရတယ်။ နှစ်ဖက် ထိခိုက်အကျအဆုံးကတော့ မသိရသေးပါဘူး" လို့ ပြောပါတယ်။
စစ်တပ်ဟာ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးသွား ကားလမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေ စစ်ကူပေးနေ ပါတယ်။
ကနီမြို့နယ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတယောက်က "ကနီမြို့နယ်ထဲ စစ်ကြောင်းက အင်အား အတော်များတယ်။ သူတို့ ချောင်းမ-ယာကြီး လမ်းမပေါ်မှာ စစ်ကြောင်းတကြောင်း၊ ချောင်းမ-ကနီ လမ်းမပေါ်မှာ စစ်ကြောင်းတကြောင်း ထိုးနေတာ။ သူတို့ လမ်းပိုင်းစိုးမိုးမှု ပြန်လိုချင်နေတဲ့ သဘောရှိတယ်။ အဓိကကတော့ ယာကြီးလမ်းပိုင်း ဖြစ်ဖို့များပါတယ်။ အဲဒီဘက် စစ်ကြောင်းက အင်အား အတော်များတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်ကြသေးတယ်၊ စစ်တပ်ဘက်က အတော်လေး ထိခိုက်မှုရှိတယ်"လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကနီမြို့နယ် တောင်ခြမ်းရဲ့ လမ်းစုံလမ်းခွလည်းဖြစ်၊ ကုန်းလမ်းပို့ဆောင်ရေးမှာ အရေးပါပြီး အချက်အခြာကျတဲ့ ချောင်းမကျေးရွာမှာ မေလကစတင် အထိုင်ချ တပ်စွဲထားလို့ ချောင်းမ အနီးဝန်းကျင်ရှိ လင်ပုန်းရည်ရွာ၊ ဇီးပင်တွင်းရွာ၊ အောင်မင်္ဂလာရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာ၊ သမင်ခြံရွာနဲ့ ချောင်းမကျေးရွာတို့မှ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ၄ လကျော် ၅ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး မိရိုးဖလာ တောင်သူလုပ်ငန်းတွေလည်း လုပ်ကိုင်ခွင့် မရရှိကြလို့ ရေရှည်မှာ အငတ်ဘေးနဲ့ ရင်ဆိုင်လာရမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေ ပါတယ်။
Photo: DVB











