
ကရင်နီ(ကယား) ပြည်နယ်က တော်လှန်ရေးရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့ Karenni’s Art Creation (KAC) ရဲ့ ဒုတိယမြောက်လက်ရာဖြစ်တဲ့ “The Execution” (စီရင်ကွပ်မျက်ခြင်း) ဆိုတဲ့ တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို မတ် ၁၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ပါတယ်။
KAC ဥက္ကဋ္ဌလည်းဖြစ် ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူလည်းဖြစ်တဲ့ John Meia က “အခုချိန်မှာ စစ်ကောင်စီက သူတို့ရဲ့ အနုပညာနဲ့ အမျိုးမျိုး ဝါဒဖြန့်ချိပြီး ရုပ်ရှင်တွေ အများကြီး ရိုက်ကူးနေကြတာပေါ့နော်။ ဆိုတော့ ကျနော်တို့ကလည်း ဘယ်လို ဝါဒဖြန့်ချိပြီးတော့ တန်ပြန်ထိုးစစ်ဆင်မလဲဆိုတဲ့ စိတ်ကူးနဲ့ ကျနော်တို့ စီရင်ကွပ်မျက်ခြင်း ဆိုတဲ့ ဇာတ်ကားက စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေ၊ သူတို့ရဲ့ အရှိတရားတွေ၊ သူတို့ရဲ့ စရိုက်တွေက အစပေါ့နော်၊ ဒီရုပ်ရှင်ကနေ အကောင်းဆုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ Solomon Soe က ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်တွေရဲ့ ပညာရေးကဏ္ဍအတွက် အဓိက ကူညီသွားမှာဖြစ်သလို ကရင်နီပြည်က ယဉ်ကျေးမှုတွေ ပပျောက်သွားခြင်းမရှိအောင် ထိန်းသိမ်းဖို့နဲ့ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့ကိုလည်း ဆောင်ရွက်တဲ့နေရာတွေမှာ သုံးစွဲသွားမယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာ Solomon Soe က “ကျနော်တို့ ကရင်နီရဲ့ နယ်မြေတနေရာမှာ စစ်ရေးမီးပြင်းထန်တဲ့ အချိန်တနေရာမှာ လူတွေမရှိတော့တဲ့ ဒေသမှာ စစ်ကောင်စီ တပ်သား ၁၁ ယောက်က စစ်ကြောင်းထိုးသွားတယ်။ စစ်ကြောင်းထိုးထားပြီး ဖားဆောင်းကို စစ်ကူသွားမယ်ဆိုပြီး သွားရင်းနဲ့မှ ရွာတရွာမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တခုခုကို သူတို့ ကြုံလိုက်ရတယ်။ ဇာတ်လမ်းရဲ့ Timeline က တရက်တာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ပြထားတာ” လို့ ရုပ်ရှင်အကြောင်းကို ပြောပြခဲ့ပါတယ်။
အဆိုပါရုပ်ရှင်ကတော့ စစ်ပွဲနောက်ခံ Horror ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ မတ် ၂၈ ရက်မှာ ချင်းမိုင်မှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြသသွားမှာဖြစ်ပြီး လက်မှတ်တစောင်ကို ဘတ် ၂၅၀ သတ်မှတ်ထားပါတယ်။
Karenni’s Art Creation (KAC) ရဲ့ ပထမဆုံး အနုပညာလက်ရာကတော့ “Lose And Hope” (ဆုံးရှုံးခြင်းနှင့် မျှော်လင့်ခြင်း) ဆိုတဲ့ ရုပ်ရှင်ဖြစ်ပြီး ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ၊ ပညာရေးကဏ္ဍနဲ့ တော်လှန်ရေး ရဲဘော်တွေအတွက် လိုအပ်ချက်တွေအတွက် ကူညီထောက်ပံ့ပေးခဲ့ပြီး အခုလို ဒုတိယမြောက်ရုပ်ရှင်ကိုပါ ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo: DVB










