
အရှေ့အလယ်ပိုင်းအရေးကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေ ၂ လဆက်တိုက် တက်လာတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က (FAO) ရဲ့ ဧပြီ ၃ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
FAO က ကမ္ဘာ့ကုန်သွယ်ရေးမှာဖြစ်တဲ့ နိုင်ငံတကာ ဈေးနှုန်းတွေကို လအလိုက် အခြေခံပြီး အစားအသောက်ညွှန်းကိန်း ထုတ်ပြန်ခဲ့တာပါ။
မတ်လမှာ ပျမ်မျှ ၁၂၈ ဒသမ ၅ မှတ်ရှိခဲ့ပြီး ဖေဖော်ဝါရီကထက် အစားအသောက်ဈေးနှုန်း ၂ ဒသမ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ပြီးခဲ့တဲ့နှစ်ကထက် ၁ ဒသမ ၀ ရာခိုင်နှုန်းတိုးတက်လာတယ်လို့လည်း ဖော်ပြ ထားပါတယ်။
အဲဒီအစီရင်ခံစာအရ FAO ရဲ့ ဟင်းသီးဟင်းရွက်ဆီညွှန်းကိန်း ၅ ဒသမ ၁ ရာခိုင်နှုန်း တက်ခဲ့ပြီး သကြားဈေးညွှန်းကိန်းကလည်း ၇ ဒသမ ၂ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါတယ်။
FAO ရဲ့ ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ကောက်ပဲသီးနှံ ညွှန်းကိန်းကလည်း ပြီးခဲ့တဲ့လကထက် ၁ ဒသမ ၅ ရာခိုင်နှုန်း တက်လာတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဂျုံဈေးကတော့ ၄ ဒသမ ၃ ရာခိုင်နှုန်း တက်ခဲ့ပြီး အသားဈေးက ပြီးခဲ့တဲ့လထက် ၁ ဒသမ ၀ ရာခိုင်နှုန်း တက်ခဲ့တာတွေ့ရပါတယ်။
ဆန်ဈေးကတော့ ၃ ဒသမ ၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စွမ်းအင်နဲ့ ဓာတ်မြေ ဩဇာဈေးနှုန်းတွေ တိုးမြှင့်လာတာကြောင့် စိုက်ပျိုးရေးဈေးနှုန်းတွေ တက်လာတာလို့ FAO က ဖော်ပြ ပါတယ်။
အီရန်စစ်ပွဲ ရက် ၄၀ ကျော်လာရင် လယ်သမားတွေဟာ စိုက်ပျိုးတာတွေ လျော့ချတာ၊ ဓာတ် မြေဩဇာအသုံးပြုမှုလျော့တာ ဒါမဟုတ် မြေဩဇာမလိုတဲ့ အပင်တွေ စိုက်တာမျိုး လုပ်ရမယ်လို့ FAO စီးပွာရေးပညာရှင် တိုရီရိုက ပြောပါတယ်။
ဒီရွေးချယ်မှုတွေက အနာဂတ်သီးနှံထွက်နှုန်းကျဆင်းမှာဖြစ်ပြီး အစားအသောက်ပံ့ပိုးနိုင်မှု ကျဆင်း နိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
Source: Reuters











