
စစ်အာဏာရှင်တပ်ကို တိုက်ခိုက်စွမ်းအားကောင်းတဲ့ Standard Army တခုဖြစ်အောင် လုပ်သွားမှာ ဖြစ်ပြီး စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၃၁ ရက် စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ မိန့်ခွန်းမှာအခုလို ပြောဆိုလိုက်တာပါ။
စစ်မှုထမ်းဥပဒေနဲ့ နိုင်ငံတဝန်းကလူငယ်တွေကို ပုံစံမျိုးစုံနဲ့ အဓမ္မဖမ်းဆီး၊ ဖိအားပေး ငွေတောင်းခံမှု တွေဖြစ်ပေါ်နေပြီး လူငယ်ထုဟာ ရုပ်ပိုင်း ၊စိတ်ပိုင်း ဆိုင်ရာဖိအားတွေ ခံစားနေရချိန်မှာ စစ်အာဏာရှင်သမ္မတက အခုလိုထပ်မံထုတ်ပြောလာတာ ဖြစ်ပါတယ်။
နိုင်ငံတော် လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်မှာဖြစ်ပြီး ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားရဖို့အတွက် ၂၀၂၄ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၄ အထိ စစ်သင်တန်းပေးပြီးစီးခဲ့ပြီးလူငယ် ပေါင်း ၁၂၀,၀၀၀ လောက်ဟာ စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရပြီး ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ် လုပ်စဉ်ကတည်းက Standard Army ဖော်ဆောင်မည်ဟု မကြာခဏ ပြောဆိုခဲ့တာဖြစ်ပြီး လက်တွေ့ မြေပြင်မှာတော့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာတင် ထိခိုက်ဆုံးရှုံးမှုတွေ များစွာနဲ့ ကြုံတွေ့ နေရတာဖြစ်ပါတယ်။










