စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းလုပ်သားအင်အား ထက်ဝက်ကျော် ကျဆင်း

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာမှုနဲ့ တိမ်းရှောင်မှုတွေ ကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းလုပ်သားအင်အားဟာ တနှစ်အတွင်း ၅၁ ရာခိုင်နှုန်းကျော် (ထက်ဝက်ကျော်) အထိ ကျဆင်းသွားတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ISP Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်းလုပ်သားအင်အား ၂၃ ဒသမ ၉၇ သန်း ရှိခဲ့ရာကနေ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတော့ ၁၁ ဒသမ ၇ သန်းပဲ ရှိတော့ပြီး တနှစ် အတွင်း ၅၁ ဒသမ ၁၉ ရာခိုင်နှုန်း ကျဆင်းသွားတာလို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အား ၁၈ ဒသမ ၂ သန်း ကျော်ထဲမှာ ၁၄ သန်းနီးပါး (၇၇ ရာခိုင်နှုန်း) ဟာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေပါတယ်။
လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၃၀ အထိ ရောက်ရှိလာပြီး လူငယ် ၁ သိန်းခွဲဝန်းကျင် စစ်မှုထမ်း နေရသလို စစ်မှုထမ်းရမှာကို စိုးရိမ်လို့ ပြည်ပထွက်ခွာသူတွေ များပြားလာတာကြောင့် စီးပွားရေး ပြန်လည်ထူထောင်ဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့ ISP Myanmar က သုံးသပ်ထားပါတယ်။











