DVB Logo
Home
မြန်မာသတင်း
ထိုင်းဆေးခြောက်ဥပဒေသစ်ကြောင့် မြန်မာလုပ်သားများနှင့် ခရီးသွားများ သတိထားရန်လို 
DVB
·
July 3, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံမှာ ဆေးခြောက်ဆိုင်တွေအပေါ် ဥပဒေတင်းကျပ်လိုက်တာဟာ လုပ်ငန်းရှင်တွေအတွက် သာမက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ လာရောက်လည်ပတ်ကြတဲ့ မြန်မာ ခရီးသွားတွေအနေနဲ့လည်း အထူးသတိထားရမဲ့ အခြေအနေ ဖြစ်နေပါတယ်။

အထူးသဖြင့် ဆေးခြောက်ဆိုင်အများစုမှာ မြန်မာအလုပ်သမားတွေကို အရောင်းဝန်ထမ်းအဖြစ် ငှားရမ်းထားလေ့ရှိတာကြောင့် စည်းကမ်းချက်တွေကို သေချာနားမလည်ဘဲ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေကို ရောင်းချမိတာ၊ ဆိုင်ထဲမှာ သုံးစွဲခွင့်ပြုမိတာမျိုး ရှိခဲ့ရင် ဆိုင်ရှင်သာမက မြန်မာဝန်ထမ်းတွေပါ ပူးတွဲအရေးယူခံရနိုင်သလို၊ သုံးစွဲသူ မြန်မာတွေအနေနဲ့လည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ စည်းကမ်းမဲ့ သုံးစွဲမိရင် ဖမ်းဆီးအရေးယူခံရနိုင်တယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ထောက်ပြထားပါတယ်။

မြန်မာ့အရေးကူညီဆောင်ရွက်သူတယောက်က "အဓိက သတိထားရမှာက ထိုင်းမှာက ဆေးခြောက်ဆိုင်တွေမှာ မြန်မာအလုပ်သမားတွေ ဝင်လုပ်နေကြတာ အများကြီးရှိတယ်။ အခု ဥပဒေအသစ်အရ ကျောင်းသားတွေ၊ ကိုယ်ဝန်ဆောင်တွေကို ရောင်းရင် လိုင်စင်သိမ်းမဲ့အပြင် ရောင်းတဲ့သူကိုပါ အရေးယူနိုင်ခြေ ရှိတယ်။ ဒါကြောင့် ဆေးခြောက်ဆိုင်မှာ လုပ်နေတဲ့ မြန်မာကလေးတွေအနေနဲ့ ဝယ်တဲ့သူရဲ့ အသက်မှတ်ပုံတင်ကို သေချာစစ်ဖို့ လိုအပ်သလို၊ ဆိုင်ထဲမှာ လည်း ပေးမသောက်ဖို့ အလုပ်ရှင်ကို သေချာပြောထားရမယ်။ နောက်ပြီး ထိုင်းကိုလာလည်ကြမဲ့ မြန်မာခရီးသွားတွေအနေနဲ့လည်း လမ်းဘေးမှာ စည်းကမ်းမဲ့ လျှောက်သောက်ရင် ထိုင်းရဲရဲ့ ဖမ်းဆီးဒဏ်ရိုက်တာ ခံရနိုင်လို့ အထူး သတိပြုကြဖို့ပဲ မှာချင်ပါတယ်"လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဥပဒေစည်းကမ်းသစ်တွေကို ဖောက်ဖျက်ရင် လုပ်ငန်းလိုင်စင် ရက်ပိုင်း ရပ်ဆိုင်းခံရရုံတင်မကဘဲ လိုင်စင် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူခံရတော့မှာ ဖြစ်ပါတယ်။ 

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် ဆုံးရှုံးမှုမရှိစေဖို့အတွက် အဓိက ရှောင်ကြဉ်ရမဲ့ စည်းကမ်းချက် ၃ ချက်ကို ထိုင်းနိုင်ငံ တိုင်းရင်းဆေးနဲ့အစားထိုးဆေးဝါးဌာနက ထုတ်ပြန်ထား ပါတယ်။

ထိုင်းအစိုးရက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာမှာပဲ စနစ်တကျ အသုံးချနိုင်ဖို့အတွက် လုပ်ငန်းရှင် တွေ မဖြစ်မနေ လိုက်နာရမဲ့ ပြစ်ဒဏ်အဆင့်ဆင့်ကို အဓိက ၃ ပိုင်း ခွဲခြား သတ်မှတ်လိုက်ပါတယ်။

ပထမအဆင့်အနေနဲ့ လုပ်ငန်းလိုင်စင် ရက်ပေါင်း ၃၀ ယာယီရပ်ဆိုင်းခံရမဲ့ စာရွက်စာတမ်းဆိုင်ရာ ပျက်ကွက်မှုတွေ ရှိပါတယ်။

အဓိကကတော့ ဆေးခြောက်ရဲ့ ဇာစ်မြစ်နဲ့ လက်ကျန်ပမာဏကို လိမ်လည်ထိန်ချန်တာ၊ နေ့စဉ် ရောင်းချမှုနဲ့ ပြုပြင်ထုတ်လုပ်မှု မှတ်တမ်းတွေကို တင်ပြဖို့ ပျက်ကွက်တာ၊ လစဉ်အစီရင်ခံစာ မပေးပို့တာ၊ အရည်အသွေးမမီတဲ့ ထုတ်ကုန်တွေ ရောင်းချတာနဲ့ ဆိုင်မှာ စီးပွားဖြစ် ကြော်ငြာတာ တွေ ပြုလုပ်ရင် လုပ်ငန်းလိုင်စင် ရက် ၃၀ ပိတ်သိမ်းခံရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ လုပ်ငန်းလိုင်စင် ရက်ပေါင်း ၉၀ အထိ တိုးမြှင့်ရပ်ဆိုင်းခံရမဲ့ အချက်တွေပါ။  ဆေးခြောက်တင်ပို့မှု အချက်အလက်တွေကို သက်ဆိုင်ရာဌာနထံ အကြောင်းမကြားတာနဲ့ ရောင်းချ တဲ့ ထုတ်ကုန်တွေမှာ တရားဝင် ဆေးညွှန်းစာ ထည့်သွင်းပေးဖို့ ပျက်ကွက်တာတွေ ပါဝင်ပါတယ်။

အပြင်းထန်ဆုံး တတိယအဆင့်ဖြစ်တဲ့ လုပ်ငန်းလိုင်စင် အပြီးတိုင် အသိမ်းခံရမဲ့ အချက် ၅ ချက် ကတော့ ကျောင်းသားလူငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ရောင်းချတာ မိမိရဲ့ ဆိုင်ခန်း အတွင်းမှာတင် ဆေးခြောက်သုံးစွဲခွင့်ပြုတာ အွန်လိုင်းနဲ့ အလိုအလျောက်စက်တွေကနေ ရောင်းချ တာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူ့ဥယျာဉ်လို တားမြစ်နေရာတွေမှာ ဆိုင်ဖွင့်လှစ်တာနဲ့ ထုတ်ကုန် အချက်အလက်တွေကို လိမ်လည်တိုင်ကြားခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက်တွေဟာ လုပ်ငန်းရှင်တွေအတွက် စံနှုန်းတခုဖြစ်ပြီး နယ်ပယ်အသီးသီးက တာဝန်ရှိ သူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ဆေးဖြစ်ဝါးဖြစ် လုံခြုံစွာသုံးစွဲနိုင်ဖို့နဲ့ လူငယ်လူရွယ်တွေ ဘေးကင်းစေရေး အတွက် ဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနအသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေမှာကော ဒီစည်းကမ်းတွေရဲ့ ရိုက်ခတ်မှုက အခြေအနေဘယ်လိုရှိနေလဲဆိုတာ ဘန်ကောက်မှာရှိ ဆေးခြောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတယောက်က  ရှင်းပြထားပါတယ်။

"သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်ရင် ပိုပြီးတော့အရေးယူမဲ့  penalty ပြစ်ဒဏ်တွေကို ပိုပြီးတိုးလိုက်တဲ့ ပုံစံမျိုးပေါ့ဗျာ။ အရင်တုန်းကလို ကိုယ်ဝန်ဆောင်သည် မိခင်တွေ ပြီးတော့ အသက် ၂၁ နှစ်အောက် လူငယ်တွေရောင်းလို့မရဘူး။ နောက်တခုက ဆေးစာမရှိရင် ရောင်းလို့မရဘူး။ ပြီးတော့ဆိုင်ထဲမှာ သောက်ခွင့်မပေးဘူး။ ဒီဟာတွေက ပြီးခဲ့တဲ့နှစ်လောက်ထဲက သူတို့ထပ်ပြီးတော့ ကြပ်မတ်လိုက်တဲ့ စည်းမျဉ်းတွေပေါ့နော်၊ အဲ့ဒီအပေါ်မှာ ကိုယ်က ဒီစည်းမျဉ်း တွေကို ချိုးဖောက်ရင် ဘယ်လိုမျိုးပြစ်ဒဏ်တွေထပ်ပြီးတော့ တိုးမြင့်မလဲဆိုတဲ့ဟာပေါ့။"

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း မှာရှိတဲ့ ဆေးခြောက် အရောင်းဆိုင်ပေါင်း ၁၂,၀၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ဥပဒေနဲ့ စည်းကမ်းချက် မလိုက်နာတဲ့ ဆေးခြောက်ဆိုင်ပေါင်း ၂,၂၀၀ ကျော်ကို သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီအထဲကမှ စည်းကမ်းချက် အပြင်းအထန် ဖောက်ဖျက်တဲ့ ဆိုင်ပေါင်း ၉၀ ကျော်ကိုတော့ လုပ်ငန်းလိုင်စင် ယာယီရပ်ဆိုင်းတာနဲ့ လိုင်စင်အပြီးပိတ်သိမ်းတာတွေအထိ ထိုင်းအာဏာပိုင်တွေ ဘက်က ထုတ်ပြန်အရေးယူထားတာ ဖြစ်ပါတယ်။

မောရစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013