
စစ်အာဏာရှင် မင်းအောင်လှိုင်သည် သမ္မတအဖြစ် အရေခွံလဲနိုင်ရန် မည်မျှပင် စနစ်တကျ ဇာတ်ညွှန်း ရေးသားခဲ့သော်လည်း တတိုင်းပြည်လုံး မိုးမွှန်အောင် အဆဲခံနေရချိန်နှင့် တိုက်ဆိုင်နေသည့် အကုသိုလ် အကျိုးပေးနှင့် ကြုံတွေ့လာရပြီ ဖြစ်သည်။
ထိုသို့ ဆဲဆိုနေကြခြင်းမှာလည်း ၎င်း သမ္မတဖြစ်လာ၍တော့ မဟုတ်၊ ထိုသို့ ဖြစ်လာရန် ကြံစည်နေသည်ကိုလည်း တတိုင်းပြည်လုံး ငါးတန်းကျောင်းသားပါမကျန် ကြိုသိထားပြီးဖြစ်၍ မထူးဆန်းတော့။
၎င်းတို့ မည်သို့မျှ မျှော်လင့်မထားသော အီရန်စစ်ပွဲကြီး ဖြစ်ပေါ်လာပြီး လောင်စာဆီများ အပါအဝင် အစစ အရာရာ ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်သွားပြီး မည်သည့်နိုင်ငံမှ မကြုံဖူးသည့် စုံ-မ စနစ် ဆိုကာ ရွှေဉာဏ်တော် စူးရောက်လာမှုကြောင့်ပင် ဖြစ်သည်။ ယင်းသည်က လက်ရှိ စီးပွားရေး အကျပ်အတည်းကြီးကို လောင်စာဆီ ပြင်းပြင်းထိုးပြီး မီးရှိန်မြှင့်လိုက်သလို ဖြစ်သွားခဲ့ရသည့် ကြမ္မာဆိုးနှင့် ကြုံကြိုက်ခဲ့ရခြင်းပင် ဖြစ်သည်။
နောက်ထပ် ရင်မအေးစရာ ထပ်ဖြစ်လာသည်က မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်ဂိုဏ်းများကို နိုင်ငံတွင်းသို့ ဝင်ရောက် ချေမှုန်းရန် ဝန်မလေးဟု FBI အကြီးအကဲက အမေရိကန် လွှတ်တော် ထောက်လှန်းရေးကော်မတီ ရှေ့မှောက်တွင် တရားဝင် ကြုံးဝါးပြောဆိုသွားခြင်းပင် ဖြစ်သည်။
ထိုသို့ ကြုံတွေ့နေရချိန်တွင် နောက်ထပ် ကာလဝိပတ် နောက်ပိုးတက်လာရသည်က အိန္ဒိယ သမားတော်ကြီးများ ပင့်ဖိတ်၍ ခါးရိုးခွဲစိတ်ကုသမှု ခံယူလိုက်ရခြင်းပင် ဖြစ်သည်၊ နိုင်ငံခေါင်းဆောင်၏ ကျန်းမာရေးသတင်းသည် ထိုသို့သော အထိမခံဖြစ်နေသည့် အချိန်မျိုးတွင် ပို၍ပင် လူသိမခံ လျှို့ဝှက်ထားရမည့် သတင်းမျိုး ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာ သတင်းထုတ်ပြန်လိုက်သည်အထိ အမှားမှားအယွင်းယွင်း ဖြစ်သွားခဲ့ရပြန်သည်။ ဤသည်က ဧရာဝတီသတင်းမှ ဖော်ပြထားသော မင်းအောင်လှိုင်၏ ကာလဝိပါက် နောက်ပိုးတက်လာရသည့် အကြောင်းများ ဖြစ်သည်။
ယခုအခါ ၎င်းအတွက် စတုတ္ထမြောက် ကြမ္မာဆိုးကြီးက အင်ဒိုနီရှားမှ ထွက်ပေါ်လာခဲ့ပြန်ပေပြီ။ ယင်းမှာ ၎င်းအား တရားစွဲဆိုရန် တင်သွင်းလာမှုကို အင်ဒိုနီရှား ရှေ့နေချုပ်ရုံးက လက်ခံလိုက်ပြီ ဖြစ်သည်ဟု ဧပြီ ၆ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာအမျိုးသမီး Yasmin Ullah က တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ သူ့အား ပံ့ပိုးပေးလာသူများထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတဦးနှင့် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတခု ဖြစ်သည့် မူဟာမ္မဒီယာ ဥက္ကဋ္ဌတို့ အပါအဝင် အထင်ကရပုဂ္ဂိုလ် အများအပြား ပါဝင်လာသည်။
အင်ဒိုနီးရှားနိုင်ငံ၏ Universal Jurisdiction (နယ်နိမိတ်မရွေး တရားစီရင်ပိုင်ခွင့်) ကို အသုံးချပြီး အရေးယူပေးရန် တင်သွင်းလာခြင်း ဖြစ်သည်။ ရှေ့နေချုပ်ရုံးက အမှုကို စိစစ်ပြီး အထောက်အထား ခိုင်လုံကြောင်း ဆုံးဖြတ်ပြီး နောက်တွင်တော့ တရားရုံးမှ အမှုကို စတင်ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။
ထူးခြားသည်က အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းကိုယ်တိုင် ပါဝင်နေတာကြောင့် ဥပဒေကြောင်းအရ ပိုမိုလေးနက်သည့် ဖိအားတရပ် ဖြစ်လာပေတော့မည်။
ကမ္ဘာတွင် မွတ်စလင်လူဦးရေ အများဆုံးဖြစ်ပြီး G-20 အဖွဲ့ဝင်လည်း ဖြစ်သော အင်ဒိုနီးရှားသည် အာဆီယံတွင်သာမက ကမ္ဘာတွင် ဩဇာသက်ရောက်မှုအရှိဆုံးဖြစ်၍ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ထိုသတင်းသည် အစောကြီးကတည်းက ထွက်နေပြီ ဖြစ်သော်လည်း မြန်မာသည် အရှေ့တီမောလို သံတမန် နှင်ထုတ်ခြင်း မလုပ်သည့်အပြင် အင်ဒိုသံအမတ်ကိုပင် ခေါ်ယူသတိပေးခြင်းမျိုး မရှိသည်က အံ့ဩစရာပင် ဖြစ်သည်။
နောက်ထပ် နိုင်ငံတကာက အာရုံစိုက်လာသည်က ယခုလအတွင်း ရောက်ရှိလာမည့် ထိုင်းနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ပင် ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတက်သည် ၎င်း၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားကြောင်း လူမှုကွန်ရက် မက်ဆေ့ချ်များမှတဆင့် အတည်ပြုပြောကြားခဲ့သည်ဟု ဆောင်းပါးရှင် လာရီ ဂျေဂင်က ဧရာဝတီတွင် ရေးသားခဲ့သည်။တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ ရောက်လာမည်ဟု သတင်းများ ထွက်နေသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ လာရောက်သည့်အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသော်လည်း အမြဲလို ငြင်းပယ်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး (သို့မဟုတ်) ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံခွင့် ပေးကောင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်ဟု ဆိုသည်။
လာရီ ဂျေဂင်က သံတမန် သတင်းရပ်ကွက်များအား ကိုးကားဖော်ပြရာတွင် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နှင့် တွေ့ဆုံစဉ်အတွင်း အတိုက်အခံခေါင်းဆောင်နှင့် ပတ်သက်သည့် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ”အပေါ် ၎င်းတို့နိုင်ငံ၏ သဘောထားကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ကို နိုင်ငံတော်ခေါင်းဆောင်များက နားလည်ထားကြကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်ဟု ရေးသားထားသည်။
မင်းအောင်လှိုင်သည် ယခုထိ ၎င်းအား အသိအမှတ်ပြု သဝဏ်လွှာဟူ၍ တရုတ်၊ ရုရှား၊ ဘဲလာရုစ်၊ နိုင်ကာရာဂွါနှင့် ရုရှားဖက်ဒရေးရှင်းဝင် ဆိုက်ဘေးရီယား တောင်ပိုင်းရှိ ဗူယာတီယား သမ္မတနိုင်ငံတို့ထံမှသာ လက်ခံရရှိခဲ့သည်။ ထို့အတွက် ၎င်း သမ္မတအဖြစ် လူသားမျက်နှာ ပြောင်းလဲ လာသည်ကို လက်ခံလာကြဖို့က ဒေါ်အောင်ဆန်းစုကြည်အရေးနှင့် စမှသာ ဖြစ်ပေတော့မည်။
သို့မဟုတ်က နိုင်ငံရေးဘက်တွင်လည်း မည်သို့မျှ ထူးခြားမလာ၊ စီးပွားရေးဘက်တွင်လည်း “မိသားစုနှင့် ဆက်နွှယ်နေသော လုပ်ငန်းများ” တိုးတက်ရာ တိုးတက်ကြောင်းသာ ရှာကြံလုပ်ဆောင်တတ်သူ ဖြစ်ပြီး တနိုင်ငံလုံး၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နိုင်မည့် အမြော်အမြင်မျိုးက နဂိုကတည်းက မရှိ၍ ယခုမှ အဘယ်သို့များ ရှိလာနိုင်မည်နည်း။ ၎င်း၏ စိတ်ကူးထဲတွင်က အရပ်သားအစိုးရဟု လုပ်ပြနိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဒလဟော ဝင်လာတော့မည်၊ စီးပွားရေး ဦးမော့လာပေမည်ဟု စိတ်ကူးယဉ်နေခြင်းမျိုးသာ ရှိပေသည်။
၁၅ နှစ်တာ စစ်ရှုံး ကာချုပ်အဖြစ် အုပ်ချုပ်ခဲ့သော စစ်တပ်ကိုလည်း ၎င်း၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်သည့် အရည်အချင်းမှလွဲ၍ မည်သို့မျှ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး နားမလည်၊ ၎င်း၏ ရန်သူများကို ဖမ်းဆီးရိုက်နှက်ဖို့သာ သိသော ရဲဝင်းဦး လက်သို့ ခွေးသေ ဝက်သေ အပ်သွားခဲ့သည်။
၎င်းသာ စစ်တပ်အပေါ် စိတ်ရင်းကောင်းရှိမည်ဆိုက ယခုလို အချိန်မျိုးတွင် “ကိုစိုးဝင်းရေ ကျနော့် နေရမှာ နောက်ထပ် တနှစ်တန်သည်၊ ၂ နှစ်တန်သည် ဆက်ထိန်းပေးပါဦးဗျာ” ဟု အပ်နှံသွားသင့်သည် မဟုတ်ပါလား။
ယခုတော့ ၎င်းအနေဖြင့် တလုံးတပါဒမျှ နားထောင်မည် မဟုတ်၊ လိုက်နာမည်လည်း မဟုတ်သည့် အကြံပေးကောင်စီဥက္ကဋ္ဌ ဆိုကာ မကောင်းတတ်၍ နေရာပေး ချောင်ထိုးပစ်ခဲ့ပေပြီ။
Violence is the last refuge of the incompetent.
—Isaac Asimov
(အကြမ်းဖက်မှု ဆိုသည်မှာ အရည်အချင်းမရှိသူတို့၏ နောက်ဆုံး ကိုင်စွဲစရာ လက်နက်သာ ဖြစ်သည်။)
လှစိုးဝေ











