တောင်အာဖရိကနိုင်ငံရဲ့ အနောက်တောင် ကမ်းရိုးတန်းပေါ်ရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကိတ်ပ်တောင်းမြို့ကို အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ လမ်းတွေ ရေကြီး၊ သစ်ပင်တွေ လဲပြိုကာ အိမ်ခေါင်မိုးတွေ လန်ထွက်ကုန်ပါတယ်။
ဒီမုန်တိုင်းကြောင့် အနည်းဆုံး လူတယောက်သေဆုံးပြီး တခြားလူတော်တော်များများ ဒဏ်ရာရခဲ့တယ်လို့ ကိပ်တောင်းမြို့တော်ဝန် ဂျော်ဒင် ဟေးလ်လူးဝစ်က ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
မော်တော်ကားတစီးပေါ် သစ်ပင်ပိနေလို့ လူတွေက လွှနဲ့ ဝိုင်းဖြတ်နေကြရသလို ကားတွေနဲ့ ဘတ်စ်ကားတွေလည်း ရေလျှံနေတဲ့ လမ်းတွေပေါ်မှာ ခဲရာခဲဆစ် မောင်းနှင်နေကြရပါတယ်။
မြို့ရဲ့ တချို့နေရာတွေမှာတော့ အိမ်ခေါင်မိုးတွေ ပျက်စီးပြီး အိမ်ထဲထိ ရေတွေဝင်ကုန်ပါတယ်။ မြို့တော်တဝန်းမှာ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရချိန်မှာ မြို့ခံတွေကလည်း တယောက်နဲ့တယောက် ဝိုင်းဝန်းကူညီကြတယ်လို့ မြို့တော်ဝန် ဟေးလ်လူးဝစ်က ပြောပါတယ်။
မြို့ခံတယောက်ဖြစ်တဲ့ ဖာဒီရာစီယက်ကတော့ သူ အိမ်ကနေ အလုပ်လုပ်နေတုန်းမှာ အသံအကျယ်ကြီး ကြားလိုက်ရပြီး အနီးနားက အိမ်တော်တော်များများ အမိုးတွေ လန်ထွက်သွားတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ လမ်းပေါ်မှာ သွပ်ပြားတွေ ပြန့်ကျဲနေတာကို တွေ့ရပြီးတော့ ဘေးအိမ် ၆ လုံးစလုံး အမိုးတွေ လန်ကုန်တာလို့ သူက ဆိုပါတယ်။
ကမ်းခြေတလျှောက်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်တွေ ယိမ်းထိုးနေပြီး လူတွေကလည်း ကမ်းနားလျှောက်လမ်းပေါ်မှာ လေပြင်းဒဏ်ကို တောင့်ခံအားတင်းထားကြပြီး ကမ်းနားအနီးမှာလည်း လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပါတယ်။
Source: Reuters










