DVB Logo
Home
မြန်မာသတင်း
အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ULA ဖွဲ့စည်း
DVB
·
September 24, 2026
Photo: ULA
Photo: ULA
Donate to DVB

အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခ ပြည်သူ့သတင်းမီဒီယာကောင်စီ (APMC) ကို အဖွဲ့ဝင် ၁၅ ယောက်နဲ့ စက်တင်ဘာ ၂၃ ရက်မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA) က သတင်းထုတ်ပြန်ပါတယ်။

အာရက္ခ ပြည်သူ့သတင်းမီဒီယာကောင်စီကို ရခိုင်ပြည်သူတွေ သတင်းမှန် သိပိုင်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာသမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးနိုင်ဖို့၊ သတင်းမီဒီယာ နဲ့ သက်ဆိုင်တဲ့ အငြင်းပွားချက်တွေကို စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်ပေးတာတွေအပြင် သတင်းမီဒီယာ ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောက်ရွက်နိုင်ဖို့ အာရက္ခသတင်းနဲ့ မီဒီယာဆိုင်ရာ ပြဋ္ဌာန်းချက် နဲ့အညီ ဖွဲ့စည်းလိုက်တာလို့ ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းလိုက်တဲ့ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီအထဲမှာ ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးအောင်မင်းဦးက ဥက္ကဋ္ဌတာဝန် ယူထားပြီး နောက်ထပ် ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော်က အဖွဲ့ဝင်အဖြစ် ပါဝင်လာသလို AA လက်အောက်ခံ သတင်းမီဒီယာတွေက တာဝန်ရှိသူတချို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။

အာရက္ခ ပြည်သူ့သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်လို့ ရခိုင်ပြည်နယ်ရှိ မြေပြင်သတင်းထောက် အမျိုးသားတယောက်က ပြောပါတယ်။

“သီးခြား တိုင်းပြည်တခု၊ အစိုးရတခု ရပ်တည်မယ်ဆိုတော့ အစိုးရဘက်က သတင်းမီဒီယာကောင်စီ ဖွဲ့စည်းလိုက်တာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အာဏာပိုင်တွေနဲ့ မီဒီယာတွေကြား အငြင်းပွားမှုဖြစ်လာရင် ကြားဝင်ဖြေရှင်းပေးမဲ့ အဖွဲ့အစည်း ရှိမှာဖြစ်တယ်။ တပိုင်းမှာလည်း မီဒီယာ ကောင်စီ ပေါ်လာပြီးနောက် မြေပြင် သတင်းရယူခွင့်အပေါ် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။ ကျနော်တို့ကတော့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းထောက်တွေကို အကာအကွယ်ပေးမှုတွေ ပိုမိုပြုလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းတယ်။”

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်ရဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုမှာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ တပြိုင်နက်တည်း လုပ်ဆောင်နေတာ ဖြစ်သလို မီဒီယာအခန်းကဏ္ဍာဘက်ကိုလည်း တိုးချဲ့ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း ရခိုင်ပြည်နယ်က လွတ်လပ်တဲ့ သတင်းထောက် ၃၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အာရက္ခမီဒီယာကောင်စီ (APC) ကို ဖွဲ့စည်းခဲ့ကြတာရှိပြီး ရခိုင်ပြည်နယ်အတွင်း မီဒီယာကောင်စီနှစ်ခု အပြိုင်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခပြည်သူ့အစိုးရဘက်က ဖွဲ့စည်းလိုက်တဲ့ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ (APMC) ဖွဲ့စည်းလိုက်ပြီးနောက် ရခိုင်အခြေစိုက်မီဒီယာတွေနဲ့ သတင်းထောက်တွေအနေနဲ့ အစိုးရထံမှာ မီဒီယာလိုင်စင်နဲ့ သတင်းထောက်ကတ်တွေ လျှောက်ထားပြီးမှ မြေပြင်သတင်းတွေ ရယူခွင့်ရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သတင်းထောက်တွေရဲ့  လွတ်လပ်စွာသတင်းရယူမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) တားဆီးပိတ်ပင်မှုတွေလည်း ရှိခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ လက်ရှိ ပြည်တွင်းစစ်မှာ အာရက္ခတပ်တော်ရဲ့ စစ်ရေးအောင်မြင်မှုတွေ၊ ရိုဟင်ဂျာ ဒုက္ခသည် ကိစ္စတွေ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိပြီး ကမ္ဘာ့စီးပွားရေးရဲ့ အချက်အချာ ကျတဲ့ဒေသ ဖြစ်နေတာကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာ မီဒီယာစိတ်ဝင်စားမှု ရရှိနေတဲ့ ဒေသ တခုလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013