DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ရခိုင်စာ အတင်းအကျပ်သင်ခိုင်းခြင်းမရှိဟု အာရက္ခ အမျိုးသားပညာရေးဌာန တုံ့ပြန်
DVB
·
September 9, 2026
Photo: CJ
Photo: CJ
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာစာနေရာမှာ ရခိုင်စာ အစားထိုး သင်ကြားမှုတွေ ရှိနေပေမဲ့လည်း ကျောင်းသားတွေကို မဖြစ်မနေ အတင်းသင်ကြားခိုင်းတာမျိုး မရှိဘူးလို့ အာရက္ခ အမျိုးသားပညာရေးဌာနက စက်တင်ဘာ ၉ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။

ပလက်ဝခရိုင်အတွင်း ၁၂ တန်း မြန်မာစာ နေရာမှာ ရခိုင်စာ အစားထိုးသင်ကြားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ကန့်ကွက်ရှုတ်ချခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်ဆောင်တာဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားတွေဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်တယ်လို့ စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့တဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။

အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ ULA/AA ထိန်းချုပ်ထားတဲ့ ဒေသတွေ၊ အာရက္ခတပ်တော် စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေက ဒေသခံပြည်သူလူထုတွေရဲ့ လူမှုစီးပွားအဝဝ၊ ကျန်းမာရေးကဏ္ဍအပြင် ပညာရေးကဏ္ဍတို့မှာလည်း သစ်လွင်တဲ့ အတွေးအခေါ်၊ ခေတ်ကာလနဲ့ လျော်ညီတဲ့ မူဝါဒအရ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအောက်က အကန့်အသတ်နဲ့ သတိထားပြီး အရွယ်ရောက်ပြီးသား လူငယ်တွေ ပညာသင်ကြားနိုင်ခွင့်နဲ့ သင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

ပလက်ဝခရိုင်အတွင်း သင်ကြားမဲ့ သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီး အာရက္ခ အမျိုးသားပညာရေးဌာနရဲ့ မူဝါဒအရ အခုရေးဆွဲထားတဲ့ ၁၂ တန်း ရခိုင်စာသင်ရိုးသစ်ကို မြန်မာစာ နေရာမှာ အစားထိုးထားပေမဲ့ ကျောင်းသာ၊ ကျောင်းသူတိုင်းကို မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းတာမျိုး မဟုတ်ဘဲ ကျောင်းသာ၊ ကျောင်းသူတွေ အနေနဲ့ မြန်မာစာနဲ့ ရခိုင်စာ နှစ်ခုထဲက တခုကို ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ကြားနိုင်တဲ့ မူဝါဒကို ကျင့်သုံးသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာစာနေရာမှာ ရခိုင်စာ သင်ကြားမှု ရှိနေပေမဲ့လည်း အတင်း သင်ကြားခိုင်းမျိုးမရှိဘဲ ကျောင်းသားတွေ ဆန္ဒရှိမှ သင်ကြားပေးခြင်းတာလို့ ပလက်ဝမြို့နယ်မှ ကျောင်းဆရာတယောက်က ပြောပါတယ်။

“ဒီနှစ်က မြန်မာစာ နေရာမှာ ရခိုင်စာ အစားထိုးသင်ကြားပေမဲ့ ပလက်ဝတို့လို လူမျိုးစုံ နေထိုင်တဲ့ နေရာတွေဆိုတော့ မသင်မနေရ အတင်းသင်ကြားတာတော့ မဟုတ်ဘူး။ ကျောင်းသားတွေရဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး သင်ကြားပေးတာပါ။ မြန်မာစာ သင်ကြားချင်သူ ဆိုရင်တော့ မြန်မာစာ သင်ကြားပေးဖို့ ရှိပါတယ်။”

ပလက်ဝခရိုင်တွင်းမှာ အခု ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်မှာ ၁၂ တန်းပညာကို သင်ကြားနေသူ ၁၅၈ ယောက်ရှိပြီး အဲဒီအထဲမှာ ရခိုင်လူမျိုး ၁၃၈ ယောက်၊ ခူမီးလူမျိုး ၁၆ ယောက်၊ ဒိုင်းနက်လူမျိုး သုံးယောက်နဲ့ မြိုလူမျိုးတယောက်တို့ ရှိတယ်လို့ အာရက္ခ အမျိုးသားပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်တွေမှာ ၁၂ တန်း မြန်မာစာ နေရာမှာ ရခိုင်စာ အစားထိုး သင်ကြားလာသလို မြန်မာ့သမိုင်းကိုလည်း ဖယ်ရှားပြီး ရခိုင်သမိုင်းနဲ့ အစားထိုး သင်ကြားမှုတွေ ရှိတယ်လို့ ပညာရေး အသိုက်အဝိုင်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013