
ချင်းပြည်နယ် ပလက်ဝခရိုင် ပလက်ဝမြို့နယ် ချောင်းဆုံ (ပီ ချောင်းဆုံ) ရွာအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၂၀ နီးပါး သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ် ချောင်းဆုံဝန်းကျင်ကို အောက်တိုဘာ ၁၈ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်တပ်က Y12၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေရာမှာ အလုပ်လုပ်နေတဲ့သူတွေ အပါအဝင် ဒေသခံ အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရခဲ့တာလို့ ပလက်ဝဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာဆို ကုန်တင်ကုန်ချလုပ်တာတွေနဲ့ လူစည်တဲ့အချိန် ပြောလို့ရတယ်။ အဲဒီအချိန်မှာ လာကြဲတာမို့လို့ လူတွေ မနည်းထိသွားတယ်။ ဗုံးအလုံးရေ ၂၀ ကျော်ထိ ကြဲချတာပါ။ ပြေးချိန်လည်း မရလိုက်ကြဘူး။ လက်ရှိ သိရသလောက် ၇ ယောက်ရဲ့ အလောင်းတွေ့ပြီ။ ဒဏ်ရာ အသေး၊ အလတ်၊ အကြီးစားဒဏ်ရာရသူတွေ ၁၀ ကျော်ရှိတယ်။”
လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၇ ယောက်မှာ ကလေးတယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၄ ယောက် ပါဝင်ပြီး ပလက်ဝမြို့နယ် လေးမြို့ချောင်းဒေသရှိ သံထောင်ရွာသစ်၊ ဝက်ချောင်းရွာနဲ့ သံထောင်ရွာတို့က ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ချင်းပြည်နယ် ပလက်ဝ၊ မတူပီနဲ့ မင်းတပ်မြို့နယ် သုံးမြို့နယ်အစပ်ရှိ ရခိုင်ပြည် မြောက်ဦး လေးမြို့ချောင်းဖျား ပီချောင်းဆုံဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်းနဲ့ ရခိုင်ပြည်နယ်တွေဘက်ကို ကုန်ပစ္စည်းသယ်ဆောင်ရာ အချက်အချာကျတဲ့နေရာ ဖြစ်တဲ့အတွက် ချင်းဒေသခံလူမျိုးတွေနဲ့ ရခိုင်လူမျိုးတချို့လည်း စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ လာရောက်နေထိုင်ကြတယ်လို့ မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်တွေရော ချင်းတွေရော အဲဒီနေရာမှာ အလုပ်လုပ်ကြတာ။ အဲဒီနေရာက ကျောက်တော် အိန္ဒိယဈေးလို လူစည်တဲ့နေရာ။ အခု စစ်ကောင်စီ ဗုံးကြဲလို့ ပစ္စည်းရော လူ့အသက်တွေရော ဆုံးရှုံးသွားပြီ။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့ အိန္ဒိယစျေးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အယောက် ၅၀ သေဆုံးခဲ့ပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။











