
စစ်အာဏာရှင်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးက ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းအနေနဲ့ ရခိုင်ပြည်သူနဲ့ ကလေးတွေပါမကျန် ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ အာရက္ခတပ်တော်ထံမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေ ပြောကြားလိုက်တာကို စက်တင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အာဏာရှင်တပ်က မဆုတ်တမ်း ထိုးစစ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့စစ်(ပစ)တွေကို အဓိကရှေ့တန်းကတင်ကာ အသေခံ ထိုးစစ်ဆင် တိုက်ခိုက်ခိုင်းနေတာဖြစ်ပြီး တပ်ဆုတ်လာတဲ့သူတွေကို ပစ်မိန့်ပေးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခိုင်နေတာလို့လည်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းတွေက ပြောကြပါတယ်။
စစ်သုံ့ပန်း တပ်သား အောင်ပြည့်စုံက “၁၅ ရက်နေ့ ကျနော်တို့ ဆင်းတယ်။ ၁၆ ရက်နေ့မှာ ကျနော်တို့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေရတယ်။ ရတဲ့အချိန်မှာ ဟိုဘက်က အင်အားများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးတဲ့အချိန်မှာ ကျနော်တို့ကို ထားခဲ့ပြီးတော့ လာခေါ်မယ်၊ ကျနော်တို့ကို စောင့်နေဆိုပြီး ထားခဲ့ချိန်မှာ ဖမ်းဆီးခံရတာပါ။ ညွှန်ကြားချက်ရှိတာက တွေ့ရင်ပစ်သတ်ပစ် ကလေး၊ လူကြီးမကျန် အကုန်ပစ်သတ်ပစ်။ နွားတွေ့ရင် နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ၊ တွေ့ရင် တွေ့တဲ့ အကောင်ကို ဆွဲလို့ ပြောတယ်ဗျာ။ ကလေးက မကျန် အကုန်ပစ်သတ်ပစ်လို့ ညွှန်ကြားထားပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့က စပြီး ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီး အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် စစ်ဦးကျိုးပြီး အသေအပျောက်များကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း AA ဖက် သိမ်းဆည်ရမိထားတာဖြစ်ပါတယ်။
အဲဒီလို့ ထိုးစစ်ဆင်တဲ့ အခါမှာလည်း ပြည်သူ့စစ်တွေကို ရှေ့တန်းက တင်ထားပြီး နောက်မဆုတ်တမ်း ထိုးစစ်နဲ့ အသေခံ တိုက်ခိုက်နေတာလို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းမှ စစ်သုံ့ပန်း တပ်သား အောင်ပြည့်စုံက ထပ်ပြောပါတယ်။
“နောက်ကို လုံးဝပြန်မဆုတ်နဲ့ အသေခံပစ်။ သူတို့က ဟိုမှာပဲနေတယ်။ ရာထူးတွေကျ ရအောင်ယူတယ်။ ကျနော်ပြောချင်တာက ထွက်ပြေးလို့ပဲ ပြောချင်တယ်ဗျာ။ လွတ်အောင်သာပြေး။ သစ္စာလည်းမရှိဘူး။ ကိုယ်ချင်စာစိတ်လည်းမရှိဘူး။ သားသမီး စိတ်ဓာတ်လည်းမရှိဘူး။ စိတ်လည်းနာတယ်။ ပြန်ပြီး သတ်ချင်တဲ့ စိတ်ပေါက်တယ်၊ သစ္စာမရှိတဲ့ အဲဒီကောင်တွေကို အချို့က ပြေးချင်ကြပေမဲ့ သူတို့က ပြေးရင် ပစ်သတ်မယ်ဆိုပြီး ပြောထားတယ်။”
စစ်အာဏာရှင်တပ်ဟာ အမြင့်ကျွန်း-ကွမ်းတောင် ရွာကြား စစ်ကြောင်း။ မြစ်နား-မင်းလှ ရွာကြား စစ်ကြောင်း၊ ဝါဘိုရွာစစ်ကြောင်း၊ အောင်မြေကုန်း-အောင်ဇေယျရွာကြား စစ်ကြောင်း၊ ခမောင်းတော-ရဲရိုးပြင်ရွာကြား စစ်ကြောင်း စတဲ့ စစ်ကြောင်း ၅ ကြောင်းနဲ့ တကြောင်းကို အင်အား အနည်းဆုံး ၁၇၀ ကနေ ၂၀၀ အထိ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဟာ စစ်ဦးကျိုးပြီး စစ်တွေမြို့နယ်ကို ပြန်လည် ဆုတ်ခွာခဲ့ရသလို စစ်တွေအစပ်ရှိ မင်းချောင်းတံတားအနီးက ကာကင်းတခု၊ ခမောင်းတောနဲ့ ရဲရိုးပြင် အနီးက တပ်စခန်း ၃ ခု စုစုပေါင်း ၄ ခုကိုလည်း အာရက္ခတပ်တော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေဟာ ပြည်သူ့စစ်တပ်သားတွေကို သတင်းအကြောင်းကြားခဲ့တာမျိုး မရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် ဖမ်းဆီးခံလိုက်ရတာလို့လည်း နောက်ထပ် စစ်သုံ့ပန်းတယောက်ဖြစ်တဲ့ တပ်သား မိုက်ကယ်က ပြောပါတယ်။
“ငါးကန်မှာ အဖမ်းခံရတာပါ။ ညနေပိုင်း ၆ နာရီလောက်မှာ ကျနော် သေနတ်တွေကို လိုက်သိမ်းဆည်းနေစဉ်မှာ အဖမ်းခံရတာပါ။ အဖမ်းမခံရတဲ့ အခြေအနေမှာတော့ သူဘက် ကိုယ့်ဘက် ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပြီးတော့မှ ကျနော်တို့ကို ကာကင်းအနေနဲ့ ရန်သူတွေကို ထောက်ပစ်ခိုင်းထားပါတယ်။ သေနတ်ကလည်း မရှိပါဘူး။ အဲချိန်မှာ သူတို့က ဘယ်လို ဆုတ်လို့ ဆုတ်သွားမှန်း မသိပါဘူး။ ဘာမှ သတင်းပို့ချချက်မရှိပါဘူး။ အကြောင်းပြန်ချက်လည်းမရှိဘဲ သူတို့ တယောက်ချင်းစီဆုတ်သွားတယ်။ ကျနော် မသိခဲ့ပါဘူး။ သူတို့ ညွှန်ကြားထားတာကတော့ ရခိုင်လူမျိုးတွေကို အမြစ်ပါမကျန် သုတ်သန်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ် အဘက်ဘက်က သူတို့ စစ်မျက်နှာတွေကို ဖြန့်ပြီး စစ်ခင်းထားပါတယ်။”
စစ်တွေဘက်က ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်လာတဲ့ ၄၉၂၆ စစ်ဆင်ရေးမှာ စစ်အာဏာရှင်တပ်က တပ်ရင်းမှူးအဆင့်တွေ သေဆုံးမှုရှိခဲ့သလို လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေနဲ့ အလောင်းတွေ အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ AA က ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်တွေ၊ ကျောက်ဖြူ၊ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးဘက်တို့ကနေ စစ်ကြောင်းတွေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးနေလာနေတာလည်းဖြစ်ပါတယ်။











