DVB Logo
Home
မြန်မာသတင်း
အာရက္ခနည်းပညာသိပ္ပံကျောင်း မေဂျာ ၄ ခုဖြင့် စတင်ဖွင့်လှစ်၊ သင်တန်းသားများ စတင်ခေါ်ယူ
DVB
·
August 29, 2026
Photo: AA
Photo: AA
Donate to DVB

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခနည်းပညာသိပ္ပံကျောင်း၊ နည်းပညာဌာနကနေ မေဂျာ ၄ ခုနဲ့ နည်းပညာသင်တန်းတွေ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသားတွေကိုလည်း စတင် ခေါ်ယူနေပြီလို့ အာရက္ခနည်းပညာသိပ္ပံကျောင်း၊ နည်းပညာဌာနက ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ပါတယ်။

ဖွင့်လှစ်မဲ့ မေဂျာတွေကတော့ Civil Engineering၊ Electronics Engineering၊ Electrical Power Engineering နဲ့ Mechanical Engineering တို့ဖြစ်ပြီး သင်တန်းကာလကတော့ ၂ နှစ် ဖြစ်ပါတယ်။

ဒီသင်တန်းတွေကို တက်ရောက်ခွင့်ရရှိဖို့အတွက် အာရက္ခအထက်တန်းပညာအရည်အချင်း စစ်စာမေးပွဲ၊ ACSSE ကို အောင်မြင်ထားသူတွေ ဒါမှမဟုတ် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ရခိုင်က လူငယ်တွေ ပညာရေးမှာအခွင့်အရေးမဆုံးရှုံးစေဖို့ အခုလို နည်းပညာသိပ္ပံ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဖွင့်ကြားသင်ကြားမှာလို့ ပညာရေးဌာနနဲ့နီးစပ်သူ အမျိုးသမီး တယောက် ကပြောပါတယ်။

"တိုက်ပွဲတွေကြားမှာ အနာဂတ်လူငယ်တွေလမ်းမပျောက်ရအောင် အခုလို ပညာရေးကဏ္ဍတွေ ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဆယ်တန်းအောင်၊ ၁၂ တန်းအောင်ပြီး ပညာရေး တပိုင်းတလမ်းနဲ့ ကျောင်းနားထားရတာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ရခိုင်ပြည်ရဲ့ အနာဂတ်ထဲမှာ ပညာတတ်လူငယ်တွေလည်းလိုအပ်လာလို့ အခုလို လိုအပ်တဲ့သင်တန်း၊ ကျောင်း၊ တက္ကသိုလ်တွေ ဖွင့်ပေးတာပါ။”

အခုလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အနာဂတ်လူငယ်တွေအတွက် ပညာရေးကိုပါ အဓိကထည့်သွင်းစဉ်းစားပေးတဲ့အတွက် ဆက်လက်ကြိုးစားသွားမယ်လို့ တက္ကသိုလ်ဝင်ဝန်း ၁၂ တန်းအောင်မြင်ပြီးသူ စစ်တွေမြို့နယ်က စစ်ရှောင်ကျောင်းသားတယောက်ကပြောပါတယ်။

"ဟိုတလောကလည်း ဂုဏ်ထူးတန်းတက္ကသိုလ်ကျောင်းသားတွေအတွက် လျှောက်လွှာခေါ်တယ်။ အခုလည်း နည်းပညာတက္ကသိုလ် TUနဲ့ နည်းပညာကောလိပ် GTI တို့ ပါဖွင့်ပေးမယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ အင်ဂျင်နီယာဖြစ်ချင်တဲ့သူတွေအတွက် တကယ့်အခွင့်အရေးကောင်းပါပဲ။ တက္ကသိုလ်တွေတက်ပြီးကြိုးစားဖို့က ကျနော်တို့တာဝန်ပဲဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ယခင်ကျောင်းသား၊ ကျောင်းသူဟောင်းတွေအတွက်လည်း မေဂျာ ၅ ခု ဖွင့်လှစ်ပေးဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီမေဂျာတွေကတော့ Civil Engineering၊ Electronics Engineering၊ Electrical Power Engineering၊ Mechanical Engineering နဲ့ Information Technology Engineering တို့ ဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်၊ TU က First Year ကနေ Final Year အထိ၊ အစိုးရနည်းပညာကောလိပ်၊ GTI ကတော့ First Year ကနေ Third Year အထိ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် စစ်တမ်းကောက်ယူပြီး ကျောင်းသား၊ ကျောင်းသူဟောင်းတွေကို ခေါ်ယူသွားမယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

လျှောက်လွှာတွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ မြို့နယ်ပညာရေးရုံးတွေမှာ ထုတ်ယူပြီး လက်ခံသွားမှာဖြစ်ပြီး လျှောက်လွှာတင်သွင်းရမဲ့ နောက်ဆုံးရက်ကတော့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013