
မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံ၊ ဆိုင်းဆုမ်ဘွန်းခရိုင်ထဲမှာ ရွှေတွင်းသမား ၇ ယောက် ဂူထဲမှာ တပတ်ကျော် ပိတ်မိနေပြီး နိုင်ငံခြားကယ်ဆယ်ရေး ရေငုပ်သမားတွေပါ သွားရောက် ကယ်ဆယ်နေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နေ့စားအလုပ်သမား ၁၀ ယောက်ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်က ဆိုင်းဆုမ်ဘွန်းခရိုင်၊ လောင့်ကျဲန့်ရွာအနီး တောင်ပေါ်က ဂူထဲမှာ လုပ်အားခ တနေ့ ထိုင်းဘတ် ၂၅၀ ခန့်နဲ့ ရွှေတူးဖော်ဖို့ ဝင်ရောက်သွားခဲ့တယ်၊ သူတို့ ဂူထဲ ရောက်သွားချိန် မိုးတွေရွာလာပြီး ဂူထဲ ရေတွေ စီးဝင်သွားပါတယ်။
ဂူပေါက်ဝနဲ့ သိပ်မဝေးတဲ့နေရာက အလုပ်သမား ၃ ယောက်ကတော့ ရေကူးပြီး ပြန်ထွက်လာနိုင်ပေမဲ့ ကျန် ၇ ယောက်က ဒီနေ့ မေ ၂၆ ရက်ထိ တပတ်ကျော်ကြာ ပိတ်မိနေတာပါ။
အဆိုပါဂူမှာ ကျဉ်းမြောင်း မှောင်မည်းပြီး မိုးရွာရင် ရွာသလို ရေတွေ ပြန်ပြည့်လာတာကြောင့် လာအိုနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့တွေ မနိုင်တော့ဘဲ နိုင်ငံတကာကိုပါ အကူအညီ တောင်းခဲ့တယ်၊ ထိုင်းနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၆ ယောက် စေလွှတ်ခဲ့ပြီး လောလောဆယ် ထိုင်းရေငုပ်သမား ၂ ယောက်နဲ့ ဖင်လန်နိုင်ငံက ရေငုပ်သမားတယောက်တို့ ဂူထဲ ဝင်ကယ်နေတယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာသူတွေ ပြောပြချက်အရ အလုပ်သမား ၇ ယောက်ဟာ ဂူအနက် ၃၄၀ မီတာခန့် အကွာ ကျောက်ဆောင်ပေါ်မှာ ခိုလှုံနေတယ်လို့ ခန့်မှန်းရတယ်။
ထိုင်းရေငုပ်သမားက သူတို့ ကယ်ဆယ်ရေးလုပ်ဆောင်နေပုံကို ဗွီဒီယိုရိုက်ပြတာမှာ ဂူဟာ ကျဉ်းမြောင်းပြီး အမြင့်ဟာ ၆၀ စင်တီမီတာမှ ၈၀ စင်တီမီတာခန့်သာ ရှိတာကြောင့် အစဉ်အမြဲ ငုံ့နေရတယ်၊ တချို့နေရာမှာ ဝပ်ပြီး တွားသွားဝင်ရတယ်၊ ရွှံ့ရေတွေနဲ့ ချော်တဲ့နေရာ ချော်တယ်၊ မှောင်မည်းနေပြီး အောက်စီဂျင် မပြတ်သွင်းထားရတယ်၊ ရေကလည်း စီးနေတယ်၊ အဲဒီနေရာကို ရောက်ဖို့ လိုဏ်ခေါင်း ၂ ခု ဖြတ်ရမယ်၊ အဲဒီနေရာရောက်ဖို့ကို အတော်ခဲယဉ်းစွာ သွားရတယ်၊ ပထမအကြိမ်ဝင်ပြီး ရှေ့ဆက်နိုင်ဖို့ အပြင်မှာ ပြန်လာပြီး စီစဉ်ရပြန်တယ်၊ သူတို့ကို ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက် မကုန်ဆုံးဘူး၊ အပြင်မှာလည်း ပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းပြီး မျှော်လင့်ချက်ကြီးစွာ ဆုတောင်းနေကြတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၈ နှစ်ခန့်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်ဂူကြီးထဲမှာ တောဝက် အကယ်ဒမီ ဘောလုံးအသင်းသား ၁၃ ယောက် ပိတ်မိနေခဲ့တာနဲ့လည်း ဆင်တူနေပါတယ်။
ဘောလုံးသမားတွေဟာ ၇ ရက်တာ စားစရာလုံးဝမရှိဘဲ ကျောက်စက်ရေတွေကိုသာ သောက်သုံးပြီး ရှင်သန်ခဲ့ရပါတယ်။
Source: CH7 HD News / Thairath News










