
ကျူးဘားနိုင်ငံဟာ အကျဉ်းသား ၂,၀၁၀ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဧပြီ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကစရင် ၅ ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ လူသားချင်းစာနာမှုနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြသတဲ့ လုပ်ရပ်တခုလို့ ဖော်ပြထားပြီး အကျဉ်းသားတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအမျိုးအစား၊ သူတို့ရဲ့ အပြုအမူ၊ ကျန်းမာရေးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ ကာလတွေကို ပြန်လည်စိစစ်ပြီးမှ လွှတ်ပေးတာ ဖြစ်ပါတယ်။
အခု လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ထဲမှာ လူငယ်တွေ၊ အမျိုးသမီးတွေ၊ အသက် ၆၀ ကျော် အရွယ်တွေနဲ့ နောက်ဆုံး ၆ လအတွင်း ဒါမှမဟုတ် နောက်နှစ်အတွင်း လွတ်ခွင့်ရတော့မဲ့သူတွေ၊ နိုင်ငံခြားသားတွေနဲ့ ပြည်ပရောက် ကျူးဘားလူမျိုးတွေတောင် ပါဝင်ပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ တရားမဝင် တိရစ္ဆာန် ခိုးယူသတ်ဖြတ်မှု၊ လက်နက်သုံးပြီး လုယက်မှု၊ ကလေးပါဝင်တဲ့ ပြစ်မှုတွေ၊ ကလေးတွေကို လမ်းမှားခေါ်ဆောင်မှု စတဲ့ပြစ်မှုတွေလို ပြင်းထန်တဲ့ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ထားသူတွေကိုတော့ ဒီလွတ်ငြိမ်းခွင့်ထဲမှာ မပါဝင်ပါဘူး။
ဒါ့အပြင် ထပ်ခါတလဲလဲ ပြစ်မှုကျူးလွန်သူတွေ၊ အရင်က လွတ်ငြိမ်းခွင့်ရပြီးနောက် ပြစ်မှု ထပ်မံကျူးလွန်ထားသူတွေကိုလည်း ချန်လှပ်ထားပါတယ်။
အခုလို ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားတဲ့ ရက်သတ္တပတ် (Holy Week) အတွင်းမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ကျူးဘားအစိုးရရဲ့ လုပ်နေကျ အစဉ်အလာတခုလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက လွတ်ငြိမ်းခွင့်ပေးမှုကို စုစုပေါင်း ၅ ကြိမ် ပြုလုပ်ထားပြီး လူပေါင်း ၁၁,၀၀၀ ကျော် အကျိုးခံစားခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိမှာ ကျူးဘားဟာ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေချိန်ဖြစ်ပြီး ဒီနှစ်အတွင်းမှာပဲ အကျဉ်းသားတွေကို ဒုတိယအကြိမ်မြောက် လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters










