အီကွေဒေါနိုင်ငံရဲ့ အန်ဒီယမ်တောင်တန်းဒေသ ကိုတိုပက်စီနဲ့ ပီချင်ချာပြည်နယ်တွေရှိ အကျဉ်းထောင် ၂ ခုမှာ အောက်တိုဘာ ၂၂ ရက်က သီးခြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့လို့ အကျဉ်းသား ၈ ယောက် သေဆုံးခဲ့ရကြောင်း အကျဉ်းထောင်များဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အကျဉ်းထောင် စီမံခန့်ခွဲရေးဌာန (SNAI) ရဲ့ X လူမှုကွန်ရက် ထုတ်ပြန်ချက်အရ လာတာကွန်ဂါ မြို့ရှိ အကျဉ်းထောင်တခုမှာ အကျဉ်းသား ၄ ယောက်နဲ့ ကီတိုမြို့ရှိ အယ်လ်အင်ကာ အကျဉ်းထောင်မှာ ၄ ယောက် သေဆုံးခဲ့တာပါ။
အဓိကရုဏ်းတွေအတွင်း တခြားသူ ၁၀ ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အဓိကရုဏ်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို အာဏာပိုင်တွေက ဖော်ထုတ်ထားပြီး သူတို့ကို ကမ်းရိုးတန်း ပြည်နယ်တခုဖြစ်တဲ့ ဆန်တာအီလီနာရှိ "အယ်လ်အန်ကွန်ထရို" လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကို ပြောင်းရွှေ့ဖို့စီစဉ်နေကြောင်းလည်း SNAI က ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်တွေအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှင်းလင်း ဆောင်ရွက်နေတယ်လို့လည်း ထောင်အာဏာပိုင်တွေက ပြောပါတယ်။
အက်ကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တွေဟာ အဓိက အကြမ်းဖက်မှုတွေ ဖြစ်ပွားရာနေရာတွေ ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကတည်းက ပြိုင်ဘက် ရာဇဝတ်ဂိုဏ်းတွေအကြား သွေးထွက်သံယို တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
Source: Reuters











