ယူကရိန်းစစ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျဉ်းသားလဲလှယ်မှုအဖြစ် အကြီးမားဆုံး သဘောတူညီချက်တခုကို အဘူဒါဘီမြို့မှာလုပ်တဲ့ ဆွေးနွေးပွဲတွေအတွင်း ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတရဲ့ ကိုယ်စားလှယ် ဂျရဒ်ကုရှ်နာက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ မြို့တော်မှာ ရုရှားနဲ့ ယူကရိန်း တာဝန်ရှိသူတွေက ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြန်လွှတ်ပေးမဲ့ အကျဉ်းသား အရေအတွက် အတိအကျကို နိုဝင်ဘာ ၁၂ ရက်မှာ အပြီးသတ် သတ်မှတ်နိုင်ဖို့ မျှော်လင့်ရတယ်လို့ ကုရှ်နာက ပြောပါတယ်။
သူဟာ နိုဝင်ဘာ ၁၂ ရက်မှာအမေရိကန်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့အတူ မော်စကိုမြို့တော်ဆီ သွားမှာဖြစ်ပြီး ရုရှားခရီးစဉ်အပြီး ဒဗ္ဗလင်မြို့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့မယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုအသစ်တခု စလုပ်နေချိန်မှာ ခုလိုဆွေးနွေးခဲ့တာပါ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ဒီဆွေးနွေးပွဲတွေကို အပြုသဘောဆောင်ပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေလို့ ဖော်ပြခဲ့ပါတယ်။
အခုတွေ့ဆုံမှု မတိုင်မီ မကြာသေးမီ သီတင်းပတ်တွေအတွင်း အမေရိကန်ဘက်က နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ခဲ့ရာမှာ နှစ်ဖက်အကြား သဘောထားကွဲလွဲမှုတွေကို လျှော့ချပေးနိုင်ခဲ့တယ်လို့ ကုရှ်နာက ပြောခဲ့ပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ နားလည်မှုရခဲ့သလို တိုးတက်မှုတချို့ ရှိခဲ့ပြီး ဆက်ဆွေးနွေးသွားမယ်လို့ ရုရှားဘက်က ဦးဆောင်ညှိနှိုင်းရေးမှူး ဗလာဒီမာ မီဒင်စကီးက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ အကျဉ်းသား အများအပြားကို အပြန်အလှန် ပြန်လွှတ်ပေးဖို့ သဘောတူခဲ့တယ်လို့ မီဒင်စကီးက ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတဲ့ မှတ်ချက်စကားတွေအတွင်း ထုတ်ပြောပါတယ်။
ဒါပေမဲ့ ဥရောပနိုင်ငံတွေက ဒီဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ခြေအပေါ် သူက စိတ်ဝင်စားမှု မရှိကြောင်း ပြသခဲ့ပါတယ်။
ဥရောပဘက်က တင်ပြချက်တွေ မရှိသလောက်ဖြစ်နေလို့ ရုရှားနဲ့ ဥရောပသမဂ္ဂတို့ အနေနဲ့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးကြရမလဲဆိုတာ မရှင်းလင်းဘူးလို့လည်း သူက ပြောပါတယ်။
Source: Reuters











