DVB Logo
Home
မြန်မာသတင်း
မော်လိုက်ထောင်၌ အိန္ဒိယနိုင်ငံသား ၁ ဦးအပါအဝင် အကျဉ်းသား ၇ ဦးသေဆုံး 
DVB
·
October 21, 2026
Photo: CJ
Photo: CJ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာရှိတဲ့ မော်လိုက်အကျဉ်းထောင်(ကလေးထောင်)အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာတွေကြောင့် ၂၀၂၆ ခုနှစ်အတွက် အိန္ဒိယနိုင်ငံသားတယောက် အပါအဝင် အကျဉ်းသား ၇ ယောက် သေဆုံးခဲ့တယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်ရေးကော်မတီ (မန္တလေး) AFCC က အောက်တိုဘာ ၂၁ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းက လကဝဥပဒေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan (ခ) Busket ဟာ သတ်မှတ် ပြစ်ဒဏ်လွတ်ရက်စေ့သွားပေမဲ့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားခဲ့တာပါ။

သူဟာ သက်သတ်လွတ်သမား ဖြစ်တာကြောင့် အစာအာဟာရ ပြတ်လပ်ကာ နှစ်လကျော် ကျန်းမာရေး ဆိုးဆိုးရွားရွားခံစားခဲ့ရပေမဲ့ သင့်တော်တဲ့ အစာအာရဟာနဲ့ ဆေးဝါးကုသမှုခံယူခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် အောက်တိုဘာ ၅ ရက် မနက်ပိုင်းက သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မော်လိုက်ထောင်အတွင်းမှာ စနစ်တကျ အာဟာရပြတ်လပ်စေတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးတာနဲ့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အကျဉ်းသားတွေဟာ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာလို့ ဖော်ပြထားပါတယ်။

ကလေးမြို့အကျဉ်းထောင်အတွင်း အကျဉ်းကျနေကြတဲ့ အကျဉ်သားတွေထဲက မိသားစုနဲ့ အဆက်အသွယ်မရရှိကြတဲ့ အကျဉ်းသား/သူတွေဟာ ထောင်ကကျွေးတဲ့ ပဲအနှစ်ကျဲ၊ ကန်စွန်းရွက်ပြုတ်ရည်ကျဲနဲ့ ရိက္ခာမလုံလောက်မှုများကြောင့် အာဟာရပြတ်လပ်တဲ့ ရောဂါတွေကို ဆိုးရွားစွာ ခံစားနေကြရတယ်လို့ AFCC ကပြောပါတယ်။

ဒါအပြင် အကျဉ်းထောင်ရဲ့ အိပ်ဆောင် ၃ ရဲ့တာဝန်ခံ ဗိုလ်ကြီးကျော်ထက်ဦး အပါအဝင် အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူတွေ၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှုတွေနဲ့ ရိုက်နှက်မှုတွေ အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ထောင်တွင်းမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အကူတွေလည်း မရှိသလို ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသရန် တင်ပြရာမှာလည်း အကျဉ်းထောင် ဆေးဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ထောင်အာဏာပိုင်တွေနဲ့ ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တချို့က ငွေကြေးအမြောက်အမြား လာဘ်ယူမှုတွေပါရှိနေလို့ ငွေကြေးမတတ်နိုင်တဲ့ သူတွေနဲ့ မိသားစုနဲ့ အဆက်သွယ်မရရှိတဲ့ အကျဉ်းသားတွေဟာ ဆေးကုသခွင့်မရရှိဘဲ အသက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို အစာအာရဟာပြတ်လပ်မှုနဲ့ စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရမှုတွေကြောင့် မော်လိုက်ထောင်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဉ်းသားသေဆုံးသူ အရေအတွက်ဟာ ၇ ယောက်အထိ ရှိလာပြီလို့လည်း ပြောပါတယ်။

အကျဉ်းသားတွေရဲ့ မူလလူ့အခွင့်အရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လုံလောက်တဲ့ အာဟာရ ရရှိပိုင်ခွင့်တွေကို အလေးထားလိုက်နာဖို့နဲ့ အကျဉ်းထောင်အတွင်း လာဘ်ပေးလာဘ်ယူမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေတဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံး စုံစမ်းအရေးယူပေးဖို့ AFCC တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ ၃၂,၁၉၈ ယောက် ရှိခဲ့ပြီး အဲဒီအထဲက ၁၅,၀၈၃ ယောက်ဟာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပြီး အကျဉ်းထောင်အတွင်း သေဆုံးသူ အရေအတွက်တွေဟာလည်း ဆက်တိုက်မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013