
စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေအတွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ဆေးဝါးကုသခွင့် မရတာ တွေကြောင့် လူအယောက် ၁,၈၅၀ ကျော်ဟာ ဖမ်းဆီးခံရပြီးနောက် အသက်သေဆုံးခဲ့ကြရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ (ဒါမှမဟုတ်) နှိမ့်ချသောဆက်ဆံမှု (ဒါမှမဟုတ်) ပြစ်ဒဏ်ပေးမှုအကြောင်းအရာနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးရာမှာ သံအမတ်ကြီးက ပြောသွားတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လူထုခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး လူ ၃၂,၀၀၀ ကျော်မှာလည်း ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်၊ ဒီထဲမှာ ကျောင်းသားတွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေး သမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေပါဝင်ပြီး စစ်အာဏာရှင်ရဲ့ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ ရက်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံရသူတချို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ရုပ်ပျက်ဆင်းပျက် ရုပ်အလောင်းတွေကိုပဲ ပြန်လည်ရရှိကြပြီး တချို့က ရုပ်အလောင်းတောင်မရတဲ့အကြောင်း၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေဟာ စစ်အုပ်စုရဲ့ လက်ပါးစေတွေက တရားဥပဒေစိုးမိုးမှုအလျဉ်းမဲ့စွာ အာဏာ အလွဲသုံးစားပြုပြီး အပြစ်မဲ့ပြည်သူတွေကို သူတို့ စိတ်ဆန္ဒအလျောက် ညှဉ်းပန်းနှိပ်စက်တဲ့ နေရာ တွေသာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ဖမ်းဆီးတာ ခံရသူတွေအနေနဲ့ ချုပ်နှောင်ခံထားရစဉ် ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတို့ ကြောင့် သေဆုံးရတဲ့ မှတ်တမ်းတွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ တဦးချင်း ကျူးလွန်တဲ့ ဖြစ်စဉ်တွေမဟုတ်ဘဲ စနစ်တကျ ပူးပေါင်း ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဖြစ်တယ်၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ မြန်မာပြည်သူတွေက ပြင်းပြင်းပြပြ လိုအပ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုနည်းကို စစ်အာဏာရှင်အုပ်စုက သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ဒီမိုကရေစီ အင်အားစုတွေအပေါ် အကြောက်တရားကြီးစိုးစေဖို့နဲ့ ဖိနှိပ်ဖို့အတွက် လက်နက်တခုသဖွယ် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ညှဉ်းပန်းနှိပ်စက်မှုတွေကို အကြွင်းမဲ့တားမြစ်တာဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ မဖြစ်မနေ လိုက်နာရမဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်၊ စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် အကျိုးခံစားခွင့် မရရှိစေဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အကူအညီ လိုအပ်နေတယ်လို့ သံအမတ်ကြီးက ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်အထိ စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၈၅၅၁ ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့လို့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၂၁၈၂ ယောက်ရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ လက်ရှိအချိန်အထိ ထိန်းသိမ်း ခံနေရဆဲလို့ အတည်ပြုနိုင်သူ ၁၅၀၇၃ ယောက်နဲ့ အတည်ပြုရန်လိုအပ်ဆဲ ၇၇၃၂ ယောက် ရှိတယ်လို့လည်း AAPP ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











