
ရခိုင်ပြည်နယ်၊ ဝီရဌာနေ (ပေါက်တောမြို့နယ်)၊ ငပြီကျွန်းကို စစ်အာဏာရှင်တပ်က နောက်ထပ် ကမ်းတက်လို့ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေပြီး အထိနာတဲ့အပြင် စစ်သင်္ဘောတစင်းလည်း AA ရဲ့ လက်နက်ထိမှန်လို့ မီးလောင်သွားခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
အောက်တိုဘာ ၁၈ ရက် မနက် ၆ နာရီကျော်က စစ်တပ်အင်အား ၂၀၀ ဝန်းကျင်ဟာ ငပြီကျွန်းကို ထပ်မံ ကမ်းတက်လာတဲ့အတွက် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ် တယောက် ပြောပါတယ်။
“မနက်ကတည်းက တက်တာ၊ ကမ်းတက်တုန်း တိုက်ပွဲဖြစ်တယ်။ စကစဘက်က ကမ်းတက်လာတုန်း AA ဘက်က ပစ်လို့ သေတာတွေရှိတယ်။ တိုက်ပွဲက သူတို့ ကမ်းတက်လာရင် အပြန်အလှန် ဖြစ်တယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူနဲ့ ကမ်းကို မရ ရအောင်တက်တယ်။ သေတာတွေလည်း များနေပြီ။”
မနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ရေတပ်နဲ့ ဒရုန်း ပစ်ကူပေးတဲ့အပြင် လေကြောင်းကနေ ဂျက်၊ Y12 တို့ကပါ ပစ်ကူပေးခဲ့ပြီး ညနေပိုင်းမှာတော့ စစ်သင်္ဘောတစင်းကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မနေ့က လေယာဉ်ကနေ ဗုံးအလုံး ၁၀၀ ကျော်လောက် ချတယ်။ အခုတော့ ကမ်းပေါ်ကို စကစ တပ်သားတွေ ရောက်သွားပြီ။ နှစ်ဖက်တိုက်ပွဲဖြစ်နေတုန်းပါ။ မနေ့က ညနေပိုင်းမှာတော့ ပင်လယ်ထဲက စစ်ကောင်စီရဲ့ သင်္ဘောတစင်းကို AA က လက်နက်နဲ့ ပစ်နိုင်ခဲ့တယ်။ မီးခိုးတွေ ထွက်သွားတယ်။”
ပေါက်တောမြို့နယ် ငပြီကျွန်းကို စစ်တပ်က ကြည်း၊ ရေ၊ လေ အစုံနဲ့ အောက်တိုဘာ ၇ ရက်ကနေ စတင်ထိုးစစ်ဆင်နေပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာဟာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်အထိ ၁၃ ရက် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရက်ပိုင်းအတွင်းကလည်း အာရက္ခတပ်တော်ဘက်က စစ်သင်္ဘော ၂ စင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး တစင်းမှာ လက်နက်ကြီးကျည်ထိမှန်လို့ မီးလောင်ပျက်စီးခဲ့ပါတယ်။











