
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံလို့ အာသံပြည်နယ်မှာတင် ဒီတပတ်အတွင်း လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၁ ရက်မှာ ၂၁ ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၆ ယောက်အထိ ရှိလာခဲ့တာပါ။
ရာဂျိုရီ ဒေသခံတွေကတော့ အစိုးရဆီက အကူအညီပဲ လိုချင်တယ်လို့ ပြောပါတယ်။ ရေကြီးလို့ လူတွေ ပစ္စည်းတွေ အတော်လေး ဆုံးရှုံးလိုက်ရပြီးတော့ ရေဘေးသင့်သူတွေကို ပြန်လည်နေရာချထားပေးဖို့၊ ဘေးကင်းအောင် ကာကွယ်ပေးဖို့နဲ့ လျော်ကြေးပေးဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုချင်ပါတယ်လို့ ပြောပါတယ်။
ဂျောဟတေဒေသမှ ကျန်းမာရေးအရာရှိ ဒေါက်တာ ရာဂျေးရှ် ရှာမားက “ရွာတရွာလုံးနီးပါး ဆေးကုဖို့ ရောက်လာကြတာ၊ လူနာ ၆၀ ကနေ ၇၀ လောက် ထပ်ကြည့်ပေးဖို့ ကျန်သေးတယ်။ အဓိကပြဿနာက သောက်ရေ မရှိတာဘဲ။ အဝီစိတွင်းတွေပါ ရေမြုပ်ကုန်လို့ သောက်ရေအတွက် အတော်လေး အခက်တွေ့နေရတယ်” လို့ ပြောပါတယ်။
အာသံပြည်နယ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ရလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံးမြစ်တွေထဲက တခုဖြစ်တဲ့ ဗြဟ္မပုတ္တရ မြစ်ရေဟာ တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပါတယ်။
အိန္ဒိယမိုးလေဝသဌာနကတော့ အာသံ၊ ဂူဂျရတ် ဟီမာချယ်ပရာဒက်ရှ်နဲ့ ဂျမ်မူး-ကက်ရှ်မီးယား ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းလာနိုင်ကြောင်း ဇူလိုင် ၂၂ ရက်မှာ သတိပေးထားပါတယ်။ ဟီမာချယ်ပရာဒက်ရှ် ပြည်နယ်မှာဆိုရင် ရုတ်တရက်ရေကြီးတာနဲ့ ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။











