DVB Logo
Home
Lead Story
အာဆီယံပေါင်းစည်းရေးခရီး အချိန်မီပြီးစီး ပွားစည်း နိုင်ပါ့မလား
DVB
·
April 13, 2015
အာဆီယံပေါင်းစည်းရေးခရီး အချိန်မီပြီးစီး ပွားစည်း နိုင်ပါ့မလား
Donate to DVB

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကြားမှာ ရေပန်းစားနေခဲ့တဲ့ အာဆီယံစီးပွားရေးအစုအဖွဲ့(အေအီးစီ) အဖြစ် ပေါင်းစည်းဆောင်ရွက်ရေးကတော့ သတ်မှတ်ထားချိန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ဆီကို တရွေ့ရွေ့ချည်းကပ်လာနေပါပြီ။

၂၀၁၂ ခုနှစ် မှာ နောက်ဆုံး ထွက်ရှိလာခဲ့တဲ့ စွမ်းဆောင်ပြီးစီးမှုပြ ဇယားအရတော့ သတ်မှတ် ထားတဲ့ နေ့စွဲ ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စွမ်းဆောင်ပြီးစီးမှုဟာ ခန့်မှန်းခြေ ၆၇.၅ ရာခိုင်နှုန်း ရှိခဲ့ပြီလို့ ဆိုပါတယ်။

နောက်ထပ် ဆက်လက်တိုးတက်ဆောင်ရွက်မှုတွေ အဲဒီအချိန်ကတည်းက လုပ်ဆောင်လာ ခဲ့ပေမယ့် စားသောက်ကုန်ကုန်သွယ်မှုနဲ့ အဓိက ၀န်ဆောင်မှုလုပ်ငန်းကဏ္ဍတွေအပါအ၀င် အခက်အခဲ အများဆုံးအပိုင်းတွေမှာတော့ ဆောင်ရွက်နေဆဲလုပ်ငန်းတွေ ကျန်ရှိနေပါသေးတယ်။

တကယ်တော့ စီးပွားအရ ညီညွတ်ပေါင်းစည်းတဲ့ အာဆီယံနိုင်ငံတွေရဲ့ ဈေးကွက်ကို ကိုယ်စားပြုတဲ့ လူဦးရေက သန်းပေါင်း ၅၄၀ ရှိပြီး ပေါင်းစု ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၄ ထရီလီယံ ရှိပါတယ်။

နိုင်ငံတခုအဖြစ်သာ စဉ်းစားမယ်ဆိုရင် ကမ္ဘာ့နံပါတ် ၇ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံထက် ၂၅ ရာခိုင်နှုန်း ပိုပြီး စီးပွားရေးအင်အား ကြီးမားတဲ့နိုင်ငံဖြစ်ပါလိမ့်မယ်။

မက်ခ်ကင်းဆေးနဲ့ ကုမ္ပဏီရဲ့ခန့်မှန်းချက်အရတော့ သက္ကရာဇ် ၂၀၃၀ ရောက်တဲ့အချိန်မှာ အာဆီယံဒေသတွင်း လူလတ်တန်းစား အိမ်ထောင်စုရဲ့ဦးရေဟာ ၁၆၃ သန်းဖြစ်လာမှာဖြစ်ပြီး အခုထက် ၂ ဆ ကျော်တိုး များလာ မှာ ဖြစ်ပါတယ်။

အေအီးစီ ဖြစ်လာဖို့ ခရီးလမ်းကြောင်းကတော့ ရှည်လျားမှာပါ။ အာဆီယံဒေသဟာ အလွန်ကို မတူကွဲပြား တဲ့ဒေသတခု ဖြစ်တဲ့အတွက် အားလုံးအတွက် သင့်တော်အဆင်ပြေတဲ့ ဈေးကွက် တခုအဖြစ် ဖန်တီး တည်ဆောက်ဖို့ ဆိုတာကတော့ ပိုလို့တောင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပါပဲ။

အာဆီယံရဲ့ အချမ်းသာဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ အဖွဲ့ရဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံထက်အဆ ၂၀ လောက် ပိုများနေပါတယ်။ နောက်အဖွဲ့ထဲမှာ တကယ် ဘုရင်နိုင်ငံတွေ ပါသလို ကွန်မြူနစ်ဝါဒ အခြေခံရှိခဲ့တဲ့ နိုင်ငံတွေလည်း ပါဝင်နေပါတယ်။

အာဆီယံအဖွဲ့ကြီးကို တည်ထောင်ထားတဲ့အခြေခံမူက ၀င်ရောက်မစွက်ဖက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီလို မစွက်ဖက်ရေးမူဝါဒကို နေရာတကာ ဘယ်လိုကိစ္စရပ်မျိုးမှာမဆို ကျင့်သုံးပြီး အောင်မြင်တဲ့ စီးပွားရေး အစု အဖွဲ့တခုအဖြစ် တည်ဆောက်လို့ရော ရနိုင်ပါမလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။

ဥပမာ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံတဲ့ အခါ ငွေမျက်နှာ တခုတည်းကိုပဲ ကြည့်ကြမလား။

စီးပွားရေးကဏ္ဍတခုတည်းကိုပဲ စဉ်းစားမယ်ဆိုရင်တောင် ဥပမာ -  မြန်မာနိုင်ငံအနေနဲ့ အေအီးစီအတွက် ဘာတွေများ ပြင်ဆင်ထားပြီးပါပြီလဲ။

စီးပွားရေးအတွက် ဥပဒေနဲ့ ညီညွတ်တဲ့ မူဘောင်တွေ ချမှတ်ဆောင်ရွက်မှုတွေ မပြီးစီးသေးသလို အခြေခံ အဆောက်အဦ၊ လူသားရင်းမြစ်နဲ့ နည်းပညာတွေလည်း မရှိသေးတဲ့အတွက် အခုနှစ်ကုန်ပိုင်းမှာ တခုတည်းသောဈေးကွက် တည်ဆောက်ဖို့ အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးစားအားထုတ်မှုအတွက် ပူပန်စရာ တခု ဖြစ်နေပါတယ်။

ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ဆန်နဲ့ ပဲမျိုးစုံ တင်ပို့ရောင်းချမှုအပ်ါမှာ အမှီပြုရတဲ့ စိုက်ပျိုးရေးအခြေပြု စီးပွားရေးက အများစု ဖြစ်ပါတယ်။

ဒါကြောင့် အေအီးစီ အတွက် လိုအပ်ချက်တွေကို ပြည့်မှီဖို့ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ အများကြီး ကြိုးပမ်း အားထုတ်ရမယ်ဆိုတာကတော့ သေချာပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကောက်ယူ စုဆောင်းခဲ့တဲ့ အချက်အလက်တွေအရ  နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှုပမာဏရဲ့ ၂၅ ရာခိုင်နှုန်းဟာ လယ်ယာ ကဏ္ဍ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက် ကုန်သွယ်ရေးစခန်းတွေနဲ့ ဆိပ်ကမ်းတွေ ဟာလည်း ပြည်ပပို့ကုန်ကဏ္ဍကို အဆင့်မြှင့် တင်ပေးနိုင်လောက်အောင်လုံလောက်မှု မရှိသေးဘဲ မြန်မာ့ဆန်အရည်အသွေးဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ် တဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆန်ရဲ့အရည်အသွေးကို ယှဉ်ပြိုင်နိုင်ဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကတော့ အာဆီယံ တခုတည်းသောဈေးကွက်အတွက် မြန်မာနိုင်ငံအနေနဲ့ ပြင်ဆင်မှု မလုပ်ရသေးပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကတော့ တည်ရှိနေတဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေပါတယ်လို့ ဆိုပါတယ်။

သူက “စိန်ခေါ်မှုတွေက တော့ တကယ့်ကို ကြီးမားပါတယ်။ အသေးဆုံးလုပ်ငန်းအများစုဟာ နည်းပညာအရ၊ ဘဏ္ဍာငွေကြေးအရ အများကြီး အားနည်းနေပြီး ငွေလုံးငွေရင်း ရင်းနှီးငွေနဲ့ ချေးငွေ ဆိုင်ရာ အဖွဲ့အစည်းတွေ လည်း မရှိသေးဘူး” လို့ ပြောပါတယ်။

တကယ်တော့ အခြေခံအဆောက်အဦ မရှိလို့ ပူပင်ကြောင့်ကျရတာတင် မဟုတ်သေးဘဲ လူသားရင်းမြစ် မရှိ တာကလည်း ဖွံဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံကနေ လုပ်ခလစာ ပိုပြီးပေးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေ ပြောင်းရွှေ့သွားတဲ့ ဦးနှောက်ယိုစီးမှုနဲ့ ကြုံတွေ့နေရ တာလည်း နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အေအီးစီ စလိုက်ပြီဆိုတာနဲ့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကလည်း ပိုပြီး အကျိုး အမြတ်ရှိတဲ့ ဈေးကွက်တွေကို ထွက်ပြီးအလုပ်အကိုင် ရှာဖွေတာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

နိုင်ငံရဲ့ပြဆိုနေတဲ့ အချက်တွေ အားလုံးအရ နေရာတိုင်းနီးပါးမှာ တိုးတက်မှု တွေရှိလာဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့ရေး၊ ဘဏ္ဍာငွေကြေး လွတ်လပ်မှု ရှိရေးနဲ့ ပြည်တွင်းပြုပြင်ပြောင်း လဲရေးတွေမှာ တိုးတက်ဖြစ်ထွန်းလာဖို့ အများကြီး လိုအပ်နေ တယ်လို့ ပြောရမှာပါပဲ။

နောက်အရေးကြီးတဲ့နေရာတခုကတော့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံငွေတွေ အလွယ်တကူ ရယူနိုင်ကြ လုပ်ငန်းကို လွတ်လွတ်လပ်လပ် ချဲ့ထွင် ဆောင်ရွက်နိုင်ကြတဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

အခုအချိန်မှတော့ မြန်မာနိုင်ငံက ကုမ္ပဏီလေးတွေ အဲဒီလို စတင်ဆောင်ရွက်နိုင်ဖို့ တာထွက်ငွေကြေးပေး နိုင်တဲ့ ၀န်ဆောင်မှု လုပ်ငန်းမျိုး မရှိသေးပါဘူး။

ကပ်လျက်ရှိနေ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ရေး အတွက် ဒေါနတောင်ကို တက်ပြီး အခက်အခဲကြားက အချိန်အကြာကြီးသွားနေရတဲ့ လမ်းအစား တောင်ပတ် လမ်းကို ငွေကြေးအရရော လုပ်ငန်းဆောင်ရွက်မှုအရပါ တာဝန်ယူပြီး ဖောက်လုပ်ပေးနေတာ ပြီးစီးလု ဖြစ်နေ ပါပြီ။

ထိုင်းအစိုးရဖက်က ဘာသာစကားပိုင်းကပါ ပြင်ဆင်ထားပါတယ် ကုန်သွယ်စီးပွားကိစ္စမှာ တယောက် ပြောတဲ့ စကား တယောက်နားလည်ဖို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်တဲ့အတွက် အေအီးစီ ကိစ္စ စပြီး ဆုံးဖြတ်ကြပြီးကတည်း ထိုင်းမူလတန်းကလေးတွေရဲ့ သင်ရိုးမှာ ဗမာစာကိုပါ သင်ကြားပေး ဖို့ ပြဌာန်းပေးခဲ့ထားပြီး ဖြစ်ပါတယ်။

ခုဆို ထိုင်းမူလတန်းကလေးတွေ အများစုဟာ အခြေခံ ဗမာစကားကို အတော်လေး ပြောတတ်နေကြပါပြီ။ လူသားချင်းစာနာထောက်ထားမှုအရ လက်ခံခွင့်ပြုထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကလေးတွေ ကိုလည်း ထိုင်းဘာသာစကား သင်ကြားဖို့ ထိုင်းပညာရေးဌာနက ချပေးခဲ့ပါတယ်။

တခြားကုန်သွယ်စီးပွားကိစ္စတွေမှာလည်း ၂ နိုင်ငံ ကုန်စည်ပြပွဲလိုမျိုးတွေကို မကြာခဏ ကျင်းပပေးခဲ့ပါတယ်။ အဲဒီလို ကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲတွေမှာ တွေ့ရလေ့ရှိတာက ထိုင်းနိုင်ငံဘက်က သူတို့ရဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို စနစ်တကျ ပြည်ပဈေးကွက်အတွက် ပြင်ဆင်ပြသထားနိုင်ခဲ့ပေမယ့် မြန်မာနိင်ငံဘက်ကတော့ အဖြစ်သဘောမျိုးသာ လာရောက် ပြသနိုင်တာ တွေ့ရပါတယ်။

ပြင်ဆင်ထားမှု နည်းပါးချို့ယွင်းသေးတယ်လို့ ပြောရမယ့် အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

အေအီးစီ စတင်တဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တခုတည်းသောဈေးကွက် ဖြစ်လာ မှာ ဖြစ်ပေမယ့် အဖွဲ့ဝင်နိုင်ငံတွေ အားလုံး သာတူညီမျှ အကျိုးခံစားကြရပါ့မလား။ ဘယ်နိုင်ငံတွေက ပိုငွေပြ၊ ဘယ်နိုင်ငံတွေက လိုငွေပြလာကြမလဲ။ ဘယ်နိုင်ငံတွေက အကျိုးများပြီး ဘယ်နိုင်ငံတွေကတော့ အကျိုး နည်းကြမလဲ။

မြန်မာနိုင်ငံကတော့ အရေခွံလဲစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ပြည်သူလူထုတရပ်လုံးအတွက် သိပ်ထူး ထူးခြားခြား အကျိုးများနိုင်စရာ အကြောင်းမမြင်သေးဘူးလို့တော့ ပြောချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013