DVB Logo
Home
Lead Story
စစ်အာဏာရှင်၏ မော်စကို ခရီးစဉ်အပေါ်  ရစ်ချတ်ဟိုဆေးနှင့် မေးမြန်းချက်
DVB
·
August 20, 2026
စစ်အာဏာရှင်၏ မော်စကို ခရီးစဉ်အပေါ်  ရစ်ချတ်ဟိုဆေးနှင့် မေးမြန်းချက်
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေမလား၊ မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရမလား စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - ပထမဆုံး မေးခွန်းကတော့ ရုရှားက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်က စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက ဒီစီမံကိန်းကနေ ဘာကို မျှော်လင့်နေတာလဲ။

ဖြေ - “ကျနော် အဓိက စဉ်းစားမိတဲ့ ပထမဆုံး မေးခွန်းကတော့ ဒီစီမံကိန်းဟာ ရှေ့ဆက်သွားနိုင်ပါ့မလား၊ ဘယ်လောက်အချိန်ကာလအတွင်းမှာ ဖြစ်လာနိုင်မလဲ ဆိုတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ကြေညာခဲ့စဉ်ကတည်းက ဒီစီမံကိန်းဟာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့တာပါ။ ထိုင်းနိုင်ငံက ဒါကို အကောင်အထည်ပေါ်လာဖို့ အတော်လေး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရင်းနှီးမြှုပ်နှံမှုရဖို့ အလွန်ခက်ခဲခဲ့တာကြောင့်ပါ။ အထူးသဖြင့် ဆိပ်ကမ်းစနစ် ပိုမိုခိုင်မာပြီးသားဖြစ်တဲ့ စင်ကာပူနဲ့ ပြိုင်ဆိုင်နေရတာပါ။ ဆိုတော့ ရုရှားရဲ့ အထောက်အပံ့နဲ့ပဲဖြစ်ဖြစ်၊ တခြားနည်းနဲ့ပဲဖြစ်ဖြစ် ထားဝယ်စီမံကိန်း တကယ် အကောင်အထည် ပေါ်လာမယ်ဆိုတာ ကျနော့်အတွက်တော့ မရေရာပါဘူး။

ရုရှားနဲ့ မြန်မာကြားက ဒီလိုသဘောတူညီချက်တွေကို ကြည့်လိုက်ရင် အများစုက  အပြသက်သက် (symbolic) သာ ဖြစ်ပါတယ်။ ဆက်ဆံရေးကို ပြန်လည်အတည်ပြုဖို့နဲ့ တဖက်က အရေးစိုက်တဲ့ ကိစ္စတွေကို ထုတ်ဖော်ပြောဆိုဖို့လောက်ပဲ ဖြစ်ပြီး အမှန်တကယ် အကောင်အထည်ဖော်ဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အာကာသ စူးစမ်းလေ့လာရေးဆိုင်ရာ ရုရှားနဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့တာကို ကြည့်ပါ။ မြန်မာနိုင်ငံအနေနဲ့ အာကာသစူးစမ်းရေး အဆင့်ကို အမြန်သွားနိုင်မယ်လို့ ကျနော် မယုံပါဘူး။ ဒါဟာ ရုရှားစိတ်ဝင်စားတဲ့ ကိစ္စတွေကို မြန်မာက စိတ်ဝင်စားကြောင်းနဲ့ “ခင်ဗျားတို့ အရေးစိုက်တာကို ကျနော်တို့လည်း အရေးစိုက်ပါတယ်” ဆိုတဲ့ သံတမန်ရေးရာစိတ်ဓာတ် ပြသတာပဲ ဖြစ်ပါတယ်။

နေပြည်တော်ကတော့ ထားဝယ်ဆိပ်ကမ်းကို တကယ် အရေးစိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားငွေ ပိုရချင်တာကြောင့်ပါ။ ရင်းနှီးမြှုပ်နှံသူတယောက်က ဒါကို ဝင်ငွေရှာပေးနိုင်တဲ့ စက်ယန္တရားကြီးတခုအဖြစ် ပြောင်းလဲပေးလိုက်တာကို လိုချင်ကြတာပါ။ ဒါကြောင့် ရုရှားကလည်း “အေးပါ… ကောင်းတာပေါ့၊ ကူညီပေးပါ့မယ်” လို့ လိုက်လျောပြောဆိုပေမဲ့ အမြန်ဆုံး အကောင်အထည်ပေါ်လာမယ်လို့ ကျနော်မထင်ပါဘူး။

ရုရှားအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်နိုင်ပါတယ်။ ရုရှားဟာ သူ့ကိုယ်သူ ဥရောပအင်အားကြီးနိုင်ငံတခုအဖြစ်တင် မကဘဲ ပစိဖိတ်အင်အားကြီးနိုင်ငံတခုအဖြစ်ပါ ရှုမြင်ပါတယ်။ သူတို့ဟာ ပစိဖိတ်နိုင်ငံဖြစ်လို့ ပစိဖိတ်ဒေသမှာ အင်အားပိုမိုပြသချင်တာဟာ ရုရှားရဲ့ ကာလရှည် ရည်မှန်းချက်တခုပါ။ အိန္ဒိယသမုဒ္ဒရာမှာ ရှိနေခြင်းက စီးပွားရေးအရပဲဖြစ်ဖြစ်၊ သင်္ဘောတွေ လာရောက်ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတည်ရှိမှုပဲဖြစ်ဖြစ် မူအားဖြင့် ရုရှားအတွက် စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ဒါဟာ သူတို့နိုင်ငံနဲ့ အလွန်ဝေးကွာပြီး ကုန်ကျစရိတ် အလွန်ကြီးမားပါတယ်။ လက်ရှိမှာ ရုရှားဟာ ပစိဖိတ် ရည်မှန်းချက်ထက် ယူကရိန်းစစ်ပွဲနဲ့ ဥရောပရေးရာတွေကိုပဲ အဓိက အာရုံစိုက်နေရတာပါ။ ဒါကြောင့် ဒါဟာ အချိန်တိုအတွင်း အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ကျနော်မယုံပါဘူး။”

မေး - ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ငြိမ်းချမ်းနေတဲ့ အချိန်မှာတောင် အကောင်အထည်ဖော်ဖို့ ခက်ခဲခဲ့တာပါ။ ခုဆိုရင် စစ်ပွဲဖြစ်နေပြီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အဲဒီမှာ စိုးမိုးထားတာရှိတယ်။ ဒီလိုစီမံကိန်းမျိုးဟာ လက်ရှိ ပြည်တွင်းစစ်အပေါ် ရိုက်ခတ်မှု တစုံတရာ ရှိနိုင်မလား။ KNU အနေနဲ့ရော ဒီစီမံကိန်းကနေ အကျိုးအမြတ် ရရှိသွားနိုင်မလား။

ဖြေ - “လက်ရှိမှာတော့ ဒီစီမံကိန်းဟာ စာရွက်ပေါ်မှာပဲ ရှိသေးပြီး ဟောင်းနွမ်းလို့ မှိုတက်နေပြီဖြစ်တဲ့ ဆိုင်းဘုတ်တချို့ပဲ ရှိပါသေးတယ်။ ဒါကြောင့် လက်ရှိ မြေပြင်အခြေအနေအပေါ် တကယ့်ရိုက်ခတ်မှု ရှိလာမယ်လို့ မထင်ပါဘူး။

ဒါပေမဲ့ ရုရှားက စီမံကိန်း မြန်မြန်မသွားနိုင်တဲ့ အကြောင်းပြချက်အဖြစ် လုံခြုံရေး စိုးရိမ်ရမှုကို နေပြည်တော်ကို ပြောပြလာရင်တော့၊ ရုရှား လာရောက် စီးပွားရေးလုပ်ဖို့ အားပေးတဲ့အနေနဲ့ နေပြည်တော်က အဲဒီဧရိယာကို လုံခြုံရေး ပိုမိုစိုးမိုးနိုင်အောင် လုပ်ဆောင်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်စဉ်မျိုးတော့ ဖြစ်နိုင်ပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ထားဝယ်မြေပြင်မှာ တခုခု ဖြစ်လာဖို့ဆိုတာ အချိန်အတော်ကြာဦးမှာ ဖြစ်ပါတယ်။”

မေး - မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက မြန်မာနဲ့ ရုရှား ဆက်ဆံရေးကို မြှင့်တင်ခဲ့ပေမဲ့ အခုထိတော့ စစ်ရေးကလွဲလို့ သိသာထင်ရှားတဲ့ ဆက်ဆံရေးမျိုး မတွေ့ရသေးပါဘူး။ ရုရှားက စစ်ရေးအပြင် တခြား ဘာတွေကို လိုချင်နေတာပါလဲ။

ဖြေ - “အဲဒါ အဓိက မေးခွန်းပါပဲ ရုရှားက ဘာလိုချင်တာလဲ။ နေပြည်တော်က ဘာလိုချင်သလဲ ဆိုတာတော့ ရှင်းပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားငွေ၊ လုံခြုံရေး ဆက်ဆံရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး ဆက်ဆံရေးတွေကို လိုချင်တာပါ။ ဒါပေမဲ့ ရုရှားကရော တကယ် ဘာလိုချင်တာလဲ။

ရိုးရိုးရှင်းရှင်းနဲ့ အားမနာစတမ်း အဖြေပေးရရင်တော့ ရုရှားအနေနဲ့ မြန်မာဆီကနေ သိပ်ပြီး လိုချင်စရာ မရှိပါဘူး။ မြန်မာ့ဆန် သို့မဟုတ် ပဲပုပ်တွေကို ဝယ်ချင်နေတာ မဟုတ်ပါဘူး။ ရုရှားခရီးသွား သန်းပေါင်းများစွာဟာလည်း လက်ရှိအခြေအနေအောက်မှာရော လာမဲ့ နှစ်ပေါင်းများစွာမှာပါ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ကူးလာမှာ မဟုတ်ပါဘူး။ ဆိုတော့ ဒါဟာ အိပ်မက်တခုလိုပါပဲ။ နှစ်ဖက်စလုံးက လက်နက်အရောင်းအဝယ်ထက် ပိုမိုနက်ရှိုင်းတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးဆိုတဲ့ လှပတဲ့ အိပ်မက်တခုကို မက်နေကြတာပါ။

ဒါပေမဲ့ ရုရှားမှာ အဲဒီဆက်ဆံရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဍာငွေရော၊ အချိန်ရော မရှိပါဘူး။ မြန်မာမှာလည်း ရုရှား လိုချင်စရာအရာ သိပ်မရှိပါဘူး။ ဒါကြောင့် သူတို့ ချစ်ချစ်ခင်ခင် ရှိကြတယ်၊ သံတမန်ရေး ဆက်ဆံရေး အင်မတန် နွေးထွေးတယ်၊ ဒါဟာ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို အထောက်အကူပြုပေမဲ့ အနှစ်သာရတော့ သိပ်မရှိပါဘူး။

၅ နှစ်ကျော်လာခဲ့ပေမဲ့ လက်နက်ကလွဲရင် ဒီဆက်ဆံရေးရဲ့ အနှစ်သာရဟာ ဘာလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်နေရတုန်းပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်မတွေ့ရပါဘူး။ နားလည်မှုစာချွန်လွှာ (MOU) တွေ အများကြီးတွေ့ရတယ်၊ ဗလာဒီဗော့စတော့မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်တာ တွေ့ရတယ်၊ မြန်မာစစ်အရာရှိတွေကို ရုရှားက စစ်နည်းပညာ သင်တန်းတွေ ဆက်ပေးနေတာ တွေ့ရတယ်။ ဒါပေမဲ့ ဒါတွေရဲ့ အလွန်မှာတော့ သိပ်ပြီး မတွေ့ရပါဘူး။"

မေး - မင်းအောင်လှိုင် မော်စကို ရောက်တုန်းက ပူတင်နဲ့ တွေ့ခဲ့ပြီး ပူတင်က လုံခြုံရေးပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါက ဘာကို ဆိုလိုတာပါလဲ။

ဖြေ - “ဒါဟာ ရိုးရိုး အရောင်းအဝယ်လုပ်တဲ့ လက်နက်ရောင်းဝယ်ရေးထက် ပိုတယ်လို့ ထင်ပါတယ်။ ကမ္ဘာ့အခြေအနေ ပုံစံနဲ့ အဲဒါကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အယူအဆမှာ မြန်မာဟာ ပူတင်နဲ့ သဘောထားချင်း တူညီနေတာကို ဆိုလိုတာပါ။ နေပြည်တော်က ကမ္ဘာကြီးကို တကယ် အဲဒီလို မြင်သလားတော့ မသိပေမဲ့ ရုရှားဘက်ကိုတော့ သူတို့ရဲ့ သုံးသပ်ချက်ကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။

အဲဒီအထဲမှာ အနောက်နိုင်ငံတွေကို မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တာနဲ့ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဘဏ္ဍာရေး စိစစ်ထိန်းချုပ်မှုကို ရှောင်လွှဲနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေတာတွေ ပါဝင်ပါတယ်။ ဒါတွေဟာ တရုတ်ကလည်း ခံစားနေရတဲ့ ကိစ္စတွေပါ။ ဆိုတော့ အနောက်အုပ်စုနဲ့ အထူးသဖြင့် ဝါရှင်တန်ဟာ ဘဏ္ဍာရေးနဲ့ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတခုလို့ မြင်ကြတဲ့ တရုတ်၊ ရုရှား၊ မြန်မာ၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ ပါဝင်တဲ့ အဖွဲ့အသစ်တခု ပေါ်ပေါက်လာနေပြီး အဲဒါကို တုံ့ပြန်ဖို့ မဟာမိတ်တွေနဲ့ သဘောတူညီချက်တွေ ဖန်တီးနေကြတာပါ။

ဒါဟာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲတာ၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ ဖြစ်နိုင်သလို၊ သတင်းအချက်အလက် မျှဝေတာ သို့မဟုတ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စတွေလည်း ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာ ရုရှားအတွက် တမျိုး၊ မြန်မာအတွက် တမျိုး အဓိပ္ပာယ်ထွက်ပေမဲ့ ရန်သူတွေအကြောင်း ပြောဆိုတဲ့အခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး အသုံးအနှုန်းနဲ့ သုံးတတ်ကြပါတယ်။ ဒါတွေဟာ မြန်မာနဲ့ ရုရှား သဘောထားချင်း တိုက်ဆိုင်ပြီး ကမ္ဘာကြီးအပေါ် အမြင်တူညီကြတဲ့ ကိစ္စတွေပါ။

ဒါပေမဲ့ တကယ်တော့ မင်းအောင်လှိုင် ရုရှားကို မကြာခဏ သွားရတဲ့ အဓိကအကြောင်းအရင်းက အဲဒီမှာ သူ စိတ်လက်ပေါ့ပါးလို့ပါ။ အဲဒီမှာ ဘာခြိမ်းခြောက်မှုမှ မရှိဘူးလို့ ခံစားရပြီး ဖြေရခက်တဲ့ မေးခွန်းတွေလည်း မကြုံရပါဘူး။ ဒါဟာ သူ နှစ်စဉ်သွားနေကျ အားလပ်ရက် ခရီးစဉ်လိုပါပဲ။ ဘုရားဖူးတယ်၊ စက်ရုံအချို့ သွားကြည့်တယ်။ မြန်မာမှာ သူလုပ်လေ့ရှိတဲ့အလုပ်တွေကိုပဲ ရုရှားမှာ လုပ်လေ့ရှိပါတယ်။ စစ်ဆေးစရာရှိတာတွေ သွားကြည့်တယ်။ ဒါပေမဲ့ အဲဒါတွေက လှပသစ်လွင်တယ်၊ ကြီးမားတယ်၊ တိုင်းပြည်မှာ မရှိတာတွေ ဖြစ်နေတယ်။ ရုရှားကုမ္ပဏီတချို့နဲ့ သဘောတူညီချက် လက်မှတ်ထိုးတယ်၊ ပြီးတော့ ဒီအတွက် ကျေနပ်အားရမှုဖြစ်တယ်။ VIP တယောက်လို ဆက်ဆံခံရတယ်။ ဒါဟာ ရုရှားဆီသွားတဲ့ သူရဲ့ နှစ်စဉ် အားလပ်ရက် သို့မဟုတ် ဘုရားဖူးခရီးစဉ်လိုပါပဲ။”

မေး - ဖနွမ်းပင်ကလာတဲ့ သတင်းတွေအရ မင်းအောင်လှိုင်ဟာ လာမဲ့ စက်တင်ဘာလ ပထမပတ်မှာ ကမ္ဘောဒီးယားကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ သူဟာ ၆ လအတွင်း ၅ နိုင်ငံထက်မနည်း သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်တွေဟာ ဘာတွေလဲ၊ သူ့ရဲ့ တရားဝင်မှု ရရှိရေး ကြိုးပမ်းမှု သက်သက်လား၊ ဒါမှမဟုတ် ကျနော်တို့ မမြင်ရတဲ့ ပိုမိုကြီးမားတဲ့ အခင်းအကျင်း ရှိနေတာလား။

ဖြေ - “ဒါဟာ သူ့ကိုယ်သူ “အနိုင်ရသွားပြီ” လို့ အတည်ပြုတာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ သူ့စိတ်ထဲမှာတော့ ၂၀၂၁ အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို (reset) ပြန်လည်ပြင်ဆင်တာ၊ NLD ကို ဖယ်ရှားတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားတာနဲ့ သူ့ကိုယ်သူ ထိပ်ဆုံးရောက်အောင် လုပ်တာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ သူ့ရည်မှန်းချက် မအောင်မြင်နိုင်ဘူးလို့ ထင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် သို့မဟုတ် ၂ နှစ်ခွဲလောက်ကို ပြန်ကြည့်ရင် သူ့ကို ရာထူးကဖယ်ရှားဖို့ ပြောဆိုသံတွေ ရှိခဲ့ပြီး စစ်ရေးအခြေအနေက အလွန် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

ခုတော့ သူ့အတွက် အခြေအနေတွေ ပိုကောင်းလာတယ်လို့ ထင်ရပါတယ်။ ပိုပြီး ယုံကြည်ချက် ရှိလာတယ်။ ရွေးကောက်ပွဲအပြီးမှာတော့ အာဏာသိမ်းခေါင်းဆောင်၊ မတရား အာဏာယူထားသူ အဖြစ်ကနေ ဒေသတွင်းကို လှည့်လည်ပြီး "ငါဟာအခု ရွေးကောက်ခံခေါင်းဆောင် ဖြစ်သွားပြီ" လို့ ပြောဆိုဖို့ ဒီအခွင့်အရေးကို အသုံးပြုချင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဆီယံနဲ့ အရှေ့တောင်အာရှ၊ အာရှဒေသတခုလုံး ယေဘုယျပြောရရင် ဒီမိုကရေစီနိုင်ငံများအသင်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲဟာ ပြက်လုံးတခုလို ဖြစ်နေတာ၊ ပြည်သူတွေရဲ့ ဆန္ဒကြောင့် သူ့ကို ရွေးချယ်ခဲ့တယ် ဆိုတာကို ဘယ်သူမှ မယုံကြတာတွေဟာ အရှေ့တောင်အာရှ ဒါမှမဟုတ် အာရှဒေသမှာ သိပ်ပြီး ဆန်းပြားတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါကြောင့် သူဟာ ဒီမိုကရေစီ မဟုတ်တဲ့ အာရှနိုင်ငံတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်လာဖို့နဲ့ လက်ခံမှုခံရဖို့ ကြိုးစားနေတာပါ။

သူ အာဆီယံ အစည်းအဝေးတွေကို တကယ်ပြန်သွားချင်ပါလိမ့်မယ်။ အာဆီယံကို အရေးစိုက်လွန်းလို့ မဟုတ်ပါဘူး။ သူဟာ အာဆီယံကို ပစ်ပစ်ခါခါ ဆက်ဆံတတ်ပါတယ်။ ဒါပေမဲ့ အာဆီယံက သူ့ကို ငြင်းပယ်တာကို ပုံရိပ်အရ အထိနာတယ်လို့ မြင်လို့ပါ။ နယူးဒေလီနဲ့ ပေကျင်းတို့မှာ ကြိုဆိုခံရပြီးတဲ့နောက် အာဆီယံက သူ့ကို အလားတူ မဆက်ဆံတဲ့အတွက် ဒေါသထွက်ပြီး မကျေမနပ်ဖြစ်နေတာပါ။

အခု ကျနော်တို့ မြင်တွေ့နေရတာက မင်းအောင်လှိုင်ဟာ ဒီကိစ္စမှာ အာဆီယံဟာ စည်းလုံးမှုမရှိဘူး ဆိုတာကို သက်သေပြဖို့ ကြိုးစားနေတာပါ။ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးကို သူ သွားချင်မှ သွားနိုင်ပေမဲ့ ဗီယင်ကျန်း၊ ဘန်ကောက်နဲ့ ဖနွမ်းပင်တို့မှာတော့ နိုင်ငံတော်ခေါင်းဆောင် တယောက်လို ဆက်ဆံခံနေရပြီ။ နောက်ရော ဘယ်သွားမလဲ။ ဒါကို သက်သေပြဖို့ တခြား အာဆီယံနိုင်ငံတချို့ကိုလည်း သွားဖို့ ကြိုးစားဦးမှာ သေချာပါတယ်။ ဆိုတော့ ဒါတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က အဲဒါပဲဖြစ်မယ်လို့ ထင်ပါတယ်။”

မေး - အာဆီယံဟာ နိုဝင်ဘာလမှာ ထိပ်သီးအစည်းအဝေး ကျင်းပတော့မှာဖြစ်ပြီး စက်တင်ဘာလမှာ ကုလသမဂ္ဂရဲ့ Credentials Committee အစည်းအဝေး ရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍကို ဒီကော်မတီက ခြိမ်းခြောက်လာမလားဆိုတာ လူတွေ စိုးရိမ်နေကြပါတယ်။ ဒီအပေါ် ခင်ဗျားရဲ့ အမြင်က ဘာလဲ၊ တကယ်ရော စိုးရိမ်စရာ ဖြစ်နေပြီလား။

ဖြေ - “ကုလသမဂ္ဂ Credentials Committee ဟာ ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍပေါ် နေပြည်တော်ရဲ့ စိန်ခေါ်မှုကို စိစစ်ဖို့ ကိစ္စကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးကတည်းက နှစ်တိုင်း ရွှေ့ဆိုင်းခဲ့တာပါ။ အဲဒီလို ရွှေ့ဆိုင်းတာဟာ ဝါရှင်တန်နဲ့ ပေကျင်းတို့ကြားက တရားဝင်မဟုတ်တဲ့ သဘောတူညီချက်ရဲ့ ရလဒ်ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက ဝါရှင်တန်နဲ့ ပေကျင်းဟာ အခုနဲ့ မတူပါဘူး။ ဒေါ်နယ်ထရမ့်ပ် အစိုးရ မဟုတ်ဘဲ လွန်ခဲ့တဲ့ ဘိုင်ဒင်အစိုးရလက်ထက် ဖြစ်ပါတယ်။ အဲဒီအချိန်က အာဏာသိမ်းပြီးခါစမှာ ပေကျင်းဟာ နေပြည်တော်နဲ့ မင်းအောင်လှိုင်အပေါ် မကျေမနပ် ဖြစ်ခဲ့ပါတယ်။ သူ့ကို ထောက်ခံမနေခဲ့တာကြောင့် ဒီလို စိစစ်ဖို့ ဆိုင်းငံ့ထားတဲ့ သဘောတူညီချက်ကို လက်ခံခဲ့ကြပါတယ်။

လက်ရှိအခြေအနေတွေအောက်မှာ ဝါရှင်တန်နဲ့ ပေကျင်းကြားက အဲဒီလို သဘောတူညီချက်မျိုး ဆက်လက် တည်ရှိနိုင်ပါဦးမလား ဆိုတာ ကျနော်တို့ မေးခွန်းထုတ်ရတော့မှာပါ။ မင်းအောင်လှိုင် ပေကျင်းကို သွားရောက်ပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ တရုတ်က မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့မှာ အပြည့်အဝ ပါဝင်ခွင့်ရရေး ထောက်ခံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒါကတော့ နေပြည်တော်ရဲ့ ကုလသမဂ္ဂ ပါဝင်ခွင့်ကို ထောက်ခံတယ်ဆိုတဲ့ တရုတ်ရဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားတဲ့ သံတမန်ရေးရာ ရပ်တည်ချက်ဖြစ်သွားပါပြီ။

ဒါကြောင့် ဦးကျော်မိုးထွန်းအတွက် ကြီးမားတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပေကျင်းက သူ့ကို လက်မခံတော့ဘူးဆိုရင် သူ့အတွက် ဆက်လက်ရပ်တည်ဖို့ အလွန် ခက်ခဲသွားပါလိမ့်မယ်။ ဒါပေမဲ့ မေးစရာရှိတာက ပေကျင်းအနေနဲ့ ဒီကိစ္စအတွက် သံတမန်ရေးရာ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်အထိ ထည့်ဝင်မှာလဲ ဆိုတာပါ။ ဒါဟာ သူတို့အတွက် တကယ်ပဲ ကြီးမားတဲ့ ပြဿနာလား။ နေပြည်တော်အတွက်တော့ ကိစ္စကြီးပေမဲ့ တရုတ်က ကုလသမဂ္ဂမှာ ဒီကိစ္စအတွက် တကယ်ပဲ တိုက်ပွဲဝင်ချင်ရဲ့လား။ ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ ကော်မတီရဲ့ အစည်းအဝေးကိုတော့ ပုံမှန်အားဖြင့် နိုဝင်ဘာလမှာ ကျင်းပလေ့ရှိပါတယ်။ စက်တင်ဘာလမှာ ပဏာမ အစည်းအဝေးလုပ်ပြီး ကိုယ်စားလှယ် ကန့်ကွက်မှုရှိကြောင်း မှတ်တမ်းတင်မှာဖြစ်ပြီး ပုံမှန်အားဖြင့် စက်တင်ဘာလ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးများအပြီး နိုဝင်ဘာလ ဒုတိယအကြိမ် အပြည့်အဝ အစည်းအဝေးကျမှ ဒါကို အတည်ပြု စိစစ်ကြတာပါ။

ဒါကို ပြောဖို့ စောလွန်းပါသေးတယ်။ တရုတ်ဘက်က အရေးယူ ဆောင်ရွက်တော့မယ်ဆိုတဲ့ အချက်ပြမှုကိုတော့ ကျနော်တို့ မတွေ့ရသေးပါဘူး။ မင်းအောင်လှိုင်လာတုန်းက "ငါတို့ ထောက်ခံပါတယ်" ဆိုတဲ့ နှုတ်ထွက်စကားတွေကိုပဲ တွေ့ရသေးတာပါ။ ဒါကြောင့် ဒီအဆင့်မှာ မရေမရာ ဖြစ်နေသေးပေမဲ့ စက်တင်ဘာ ဒါမှမဟုတ် နိုဝင်ဘာမှာ ချက်ချင်း ပြတ်ပြတ်သားသား ဖြစ်သွားမယ်ဆိုတဲ့ သက်သေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဦးကျော်မိုးထွန်းအတွက် အချိန်ကုန်လွန်နေပြီ ဆိုတာကိုတော့ ပြောလို့ရပါတယ်။”

မေး - ဖြည့်စွက်ပြောချင်တာ ဒါမှမဟုတ် ကျနော် မေးဖို့ ကျန်ခဲ့တာမျိုး ရှိသေးလားခင်ဗျ။

ဖြေ - “နိုဝင်ဘာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ ကျနော် မပြောရသေးပါဘူး။ နိုဝင်ဘာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် တက်ရောက်နိုင်ဖို့ အလားအလာ နည်းပါတယ်။ အာဆီယံတချို့နိုင်ငံတွေ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က ထောက်ခံကြပေမဲ့ တခြားနိုင်ငံတွေ၊ အထူးသဖြင့် စင်ကာပူကတော့ ဒီလိုလုပ်ဆောင်မှုကို ဆက်လက်တွန်းလှန်နေတုန်းပါ။ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်ကလည်း တခြား အာဆီယံ အဖွဲ့ဝင်တွေဆီက ခိုင်မာတဲ့ ထောက်ခံမှု မရရင် မင်းအောင်လှိုင်ကို အာဆီယံဆီ ပြန်လာခွင့်ပြုဖို့ မလိုလားပါဘူး။

လက်ရှိမှာ အာဆီယံဟာ ဒီကိစ္စအပေါ် သဘောထား ကွဲလွဲနေတုန်းပါ။ အဖြစ်နိုင်ဆုံး ရလဒ်ကတော့ သူ ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်းက တွန်းအားပေးနေပါတယ်၊ အင်ဒိုနီးရှားက သိပ်ပြီး မတွန်းလှန်တော့ပါဘူး၊ မလေးရှားက ဒီကိစ္စမှာ နည်းနည်း ငြိမ်နေပါတယ်။ ဒါကြောင့် စင်ကာပူ တခုတည်းကသာ ဒီကန့်ကွက်မှုကို အဓိက ထုတ်ဖော်နေတာဖြစ်ပြီး စင်ကာပူဟာ ၂၀၂၇ မှာ အလှည့်ကျအာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမှာပါ။ ဒီဖြစ်စဉ်ကို ဘယ်လိုပုံဖော်မလဲဆိုတာ သူတို့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော့် ခန့်မှန်းချက်အရတော့ နိုဝင်ဘာမှာ သူရောက်လာမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အပြောင်းအလဲတွေလည်း ဖြစ်သွားနိုင်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013