
၂၉ ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဩဂုတ် ၂၃ ရက်ကနေ ၂၈ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတယ်လို့ Khaosod သတင်းမှာ ဩဂုတ် ၂၅ ရက်က ဖော်ပြပါတယ်။
မြို့တော်ဘန်ကောက်မှာ ကျင်းပတဲ့ ဒီအစည်းအဝေးမှာတော့ “အာဆီယံ လူသားအရင်းအမြစ် မြှင့်တင်ရေး - ကမ္ဘာ့အသိအမှတ်ပြုမှုဆီသို့ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတာပါ။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ လူမှုတရားမျှတမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာကွန်ရက်မှာ ထိုင်းနိုင်ငံ ပါဝင်ဆောင်ရွက်ရေးကို အစိုးရအဖွဲ့က ဩဂုတ် ၂၅ ရက်မှာ အတည်ပြုခဲ့ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဓိက ဦးဆောင်တဲ့ အေဂျင်စီအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ကွန်ရက်မှာ ထိုင်းနိုင်ငံပါဝင်ကြောင်း အတည်ပြုတဲ့ စာချုပ်ကိုတော့ ထိုင်း အလုပ်သမားဝန်ကြီးက ဩဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာအာဏာရှင်ခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်မယ်လို့ သတင်းတွေ ထွက်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဦးခင်မောင်စိုးဟာ ဒီလအစပိုင်းတုန်းက ထိုင်းနိုင်ငံကို လာရောက်တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ခရီးစဥ်မှာလည်း လိုက်ပါခဲ့သလို ဒီခရီးစဥ်မှာတုန်းက ထိုင်းအလုပ်သမားဝန်ကြီးနဲ့ ၂ နိုင်ငံ အလုပ်သမားအရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာ (MoU) နဲ့ လုပ်သားခေါ်ယူရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာကို အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးရာထူး ယူထားသူတွေကို တက်ရောက်ခွင့်မပေးဘူးလို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
Source: Khaosod











